တခါက အကျဉ်းထောင်တစ်ခုရှိ အခန်းတစ်ခုမှာ ထောင်သားနှစ်ဦးနေထိုင်ပါတယ်။
ထိုအခန်းတွင် အပြင်ကို ကြည့်စရာ သံတိုင်များ တန်းထားသည့်ပြတင်းပေါက်တစ်ခု ရှိပါတယ်။
ပထမလူက ထိုပြတင်းပေါက်မှ အပြင်ကို ကြည့်သောအခါ ကာရံထားသောတံတိုင်းကြီးနှင့် အပြင်ဖက်ရှိ
မညီမညာ ကျောက်တုံးများ၊ ဆူးညောင့်များ၊ ရွှံ့နွံများကို မြင်ပြီး၊ မသာယာသောမြင်ကွင်းကို
တတွတ်တွတ်နှင့် အမြဲရေရွတ်ညဉ်းတွားနေပါတယ်။ ဒုတိယလူကတော့ အပြင်ကို ကြည့်သောအခါတွင်
ကောင်းကင်ကို မော့ကြည့်လေ့ရှိပြီး၊ ကြယ်လေးများကို ရေတွက်ပြီး၊ ကြည်နူးနေလေ့ရှိပါတယ်။
ကျွန်တော်တို့ သင်္ဘောသားများဘဝဟာလဲ ထိုအကျဉ်းသားနှစ်ဦးလိုပါပဲ။
သင်္ဘောပေါ်ရောက်ရှိပြီဆိုရင် ထောင်ကျသွားတာပါပဲ။ ကိုယ့်စိတ်နှင့် ကိုယ့်ကို မရှိတော့ပါဘူး။
တာဝန်အတိုင်း လိုက်နာရတော့တာပါပဲ။
ထိုအခါမှာ ကျွန်တော်တို့ဟာ မိမိတို့ရောက်ရှိနေသောနေရာ၊
လုပ်နေရသောအလုပ်အကိုင်တို့ကို ညဉ်းတွားအပြစ်တင်ကြလေ့ရှိပါတယ်။ ပြတင်းပေါက်မှကြည့်ရာမှာ
ဆူးညောင့်တွေ၊ ကျောက်တုံးတွေကိုသာ မြင်တွေ့သလိုပါပဲ။
ကဲ… အခု ကျွန်တော်တို့ ကြယ်တွေကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံးအချက်ကတော့ ကျွန်တော်တို့ရရှိတဲ့ငွေကြေးများဟာ
အလွန်ဖြူစင်သန့်ရှင်းပါတယ်။ မည်သူတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်ကြီးငယ် မပါ ပါဘူး။ ဂွင်ကောင်းကောင်းရနေတဲ့
အစိုးရဝန်ထမ်းတစ်ယောက်ဟာ သူ့အထက်လူကြီးနဲ့ ဘယ်လိုဆက်ဆံရသလဲဆိုတာကို ကြုံဖူးတဲ့လူတွေ
သိကြပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ရိုးရိုးသားသားလုပ်ကိုင်လို့ တစ်လ ၁၀
သိန်းရဖို့ဆိုတာ လုံးဝ မလွယ်ကူပါဘူး။ စီးပွါးရေးလုပ်လို့ တစ်လ ၁၀ သိန်းဆိုတာ လိုအပ်တဲ့အရင်းအနှီး၊
ကျွမ်းကျင်မှု၊ အဆက်အသွယ် စသည့် အရာများစွာ ထပ်မံစိုက်ထုတ်ရမှာပါ။
သင်္ဘောပေါ်မှာ လူတိုင်းရဲ့တာဝန်တွေကို ရေးသားထားပြီး၊
အဲဒီအတိုင်း လိုက်နာကြရပါတယ်။ စည်းလွတ်ဝါးလွတ်နေထိုင်လို့ မရပါဘူး။ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ရတယ်ဆိုတဲ့
အလေ့အကျင့်လေးကို ကျွန်တော်တို့ အိမ်အထိ သယ်သွားပြီး၊ မိသားစုနဲ့အတူ ကျင့်သုံးကြည့်မယ်ဆိုရင်
အကျင့်ကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အရာရာကို မှတ်တမ်း၊ မှတ်ရာနဲ့ ပြုလုပ်လေ့ရှိပါတယ်။
ကျွန်တော်တို့ လစဉ်အသုံးစရိတ် ဝင်ငွေ၊ ထွက်ငွေ၊ စုဆောင်းငွေတွေကို စနစ်တကျ စီစဉ်သုံးစွဲလေ့ရှိအောင်
လုပ်ကြည့်ကြရင် ကောင်းမလား။
ကျွန်တော့်မိတ်ဆွေ စီးပွါးရေးသမားတစ်ယောက်နဲ့
စကားပြောရင်း သင်္ဘောပေါ်မှာ ကျင့်သုံးတဲ့ PMS ( Planned Maintenance Schedule ) ကို ပြောပြမိပါတယ်။
ဘာရယ်လို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို စေ့စေ့ပေါက်ပေါက် မေးပါတယ်။ နောက်
၆လ လောက်အကြာ သူနဲ့ ပြန်တွေ့ချိန်မှာ သူ့ရဲ့လုပ်ငန်းသုံးကားတွေ Maintenance လုပ်ဖို့
အစီအစဉ်တစ်ခုရေးဆွဲပြီးသွားပြီ လို့ ပြောပါတယ်။ ခင်ဗျား ပြောပြတဲ့အချက်အလက်တွေကို အခြေခံပြီး
ဆက်လုပ်သွားတာတဲ့။
ဒီအချက်တွေအပြင် အခြားအချက်ပေါင်းများစွာရှိနိုင်ပါတယ်။
ကျွန်တော့် ဆိုလိုရင်းက အခြားတစ်ဖက်မှ လှည့်တွေးကြည့်ပြီး၊ မိမိတို့ဘဝထဲကို ယူငင် ပေါင်းစပ်ဖို့ပါ။
သင်္ဘောသားဖြစ်ခါစ လူသစ်လေးတွေကလဲ မေးခွန်းတွေ
ထုတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ လူသစ်မို့လို့ အခြားအဆင့်မြင့်အရာတွေ မသိပါဘူး။ လောလောဆယ်
စားပွဲထိုး၊ ကြမ်းတိုက်နေရတာပါပဲ။ ဘယ်လိုများ ကြယ်တွေ မြင်အောင် ကြည့်ရမှာလဲ…
အမေရိကန်သမ္မတကြီးလင်ကွန်းရဲ့အတ္ထုပ္ပတိကို ဖတ်ဖူးကြမယ်လို့
ထင်ပါတယ်။ သမ္မတကြီးလင်ကွန်းဟာ အလွန်ဆင်းရဲပါတယ်။ မီးလင်းဖိုဘေးမှာစာဖတ်၊ အလုပ်ကြမ်းတွေလုပ်ပြီး
ကိုယ့်ပညာရေးကို ကိုယ်တိုင်ရှာဖွေခဲ့ရတာပါ။
သမ္မတမဖြစ်ခင် အမတ်လောင်းဘဝမှာ အမတ်ရွေးပွဲဝင်ပါတယ်။
အမတ်ရွေးပွဲရဲ့ထုံးစံအတိုင်း စကားစစ်ထိုးရပါတယ်။ သူ့ရဲ့ယှဉ်ပြိုင်ဖက် အမတ်လောင်းက မြေရှင်ကြေးရှင်ပါ။
သူက လင်ကွန်းကို ဒီလို မေးခွန်းထုတ်လိုက်ပါတယ်။
“ခင်ဗျား မှတ်မိသေးရဲ့လားဗျ၊၊
ကျွန်တော်တို့အိမ်မှာ ခင်ဗျားခြံစည်းရိုးလာခတ် ပေးခဲ့ဖူးတယ်လေ။”
သမ္မတကြီးလင်းကွန်းက ဒီလိုပြန်ဖြေခဲ့ပါတယ်။
“မှတ်မိတာပေါ့ဗျာ။
အဲဒီခြံစည်းရိုးတိုင်တွေ မယိုင်မလဲပဲ အကောင်းအတိုင်း ရှိသေးတယ် မဟုတ်လားဗျ။”
ခြံစည်းရိုးတိုင်စိုက်၊ ကူလီ၊ လက်သမားလုပ်ခဲ့ရတာ
ရှက်စရာမဟုတ်ပါဘူး။ လုပ်တဲ့အလုပ်ကို အချောင်ခို၊ မသေမသပ်၊ ပျက်ချော်ချော် လုပ်ကိုင်မှုသာ
ရှက်စရာကောင်းတာပါ။
သင်္ဘောပေါ်ရှိအရာရှိကြီးတိုင်း ဒီလိုအောက်ခြေအဆင့်မှ
စခဲ့ကြတာပါ။ ကြိုးစားချင်စိတ်နဲ့ တာဝန်ကျေချင်စိတ်ရှိရင် ဒီအဆင့်ထက်မြင့်လာပါလိမ့်မယ်။
ခဏတာလို့စိတ်မှာထားပြီး၊ အလုပ်ကို အမြဲဆက်ကြိုးစားနေဖို့လိုပါတယ်။ တတ်နိုင်သမျှ အကောင်းမြင်စိတ်လေးထားပြီး၊
ကြိုးစားလိုက်ပါ။ ဒုက္ခတွေ၊ နာကျင်မှုတွေကို ကြိုးစားမှုအတွက် တွန်းအားအဖြစ် ပြောင်းလဲလိုက်ပါ။
“သင် ဆင်းဆင်းရဲရဲ မွေးဖွါးလာခဲ့ရင် သင့် အပြစ်မဟုတ်ပါဘူး။
သို့သော် သင် ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရင်တော့ သင့်အပြစ်ပါ။” လို့ Microsoft ကုမ္ပဏီပိုင်ရှင်
Bill Gate ပြောဆိုခဲ့ဖူးပါတယ်။
သင်္ဘောသားညီနောင်တို့ ဆက်လက်ကြိုးစားနိုင်ကြစေဖို့
ရည်ရွယ်လျှက်….
လေးစားစွာဖြင့်
TWH