သင်္ဘောသားပို့စ်တွေ ဖတ်ကြည့်လိုက်ရင် ခက်ခဲပင်ပန်းတယ်။
မိဝေးဖဝေး ချစ်သူဝေးနေရတဲ့ဘဝဖြစ်တယ်။ လိုင်းဒဏ်၊ လေဒဏ်တွေကို ခံနေရပါတယ်…. ဆိုတာ အမြဲလိုလို
ပါတတ်ပါတယ်။
ကျွန်တော် ကိုယ်တိုင်လဲ သင်္ဘောသားတစ်ဦးဖြစ်တာကြောင့်
ဒီလို ဒုက္ခတွေ မရှိဘူးလို့ မပြောလိုပါဘူး။ ပြောလိုတာကတော့ ဒီဒုက္ခတွေဟာ အမြဲတမ်း နေ့တိုင်း
ကိုယ့်ကို ဖိစီးနှိပ်စက်နေတာတော့ မဟုတ်ပါဘူး။
ခက်ခဲပင်ပန်းပေမယ့် ဝိုင်းဖွဲ့ပျော်ရွှင်စရာ
အချိန်တွေ ရှိပါတယ်။ ပင်လယ်ပြင်ဟာ သင်ဖြူးလို ငြိမ်နေတဲ့အခြေအနေတွေလည်း ရှိပါတယ်။ ချစ်သူ၊
မိဘကို သတိမရနိုင်အောင် အပျော်ကြူးရတဲ့နေ့တွေလည်း ရှိတတ်ပါတယ်။
ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် အခြားတစ်ဖက်မှ လှည့်စဉ်းစားတတ်ခဲ့ရင်
အခြေအနေကောင်းတွေ အမြဲရှိပါတယ်။ အမြင်လေးတစ်ချက်ပြောင်းလိုက်ပါ။ ကိုယ့်အမူအကျင့်လေးကို
ပြုပြင်ဖို့ ကြိုးစားလိုက်ပါ။ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒီလောကကြီးထဲမှ ရုန်းမထွက်နိုင်သေးချိန်မှာ
အကောင်းမြင်စိတ်နှင့် ရှုမြင်ပြီး၊ ပြုကျင့်တတ်ဖို့ လိုပါလိမ့်မယ်။ သို့မဟုတ်လျှင် အခြားတစ်ဖက်မှ
ပြင်ပဖိအား၊ မိမိစိတ်တွင်းမှ အဇ္ဈတဖိအားတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ရပါလိမ့်မယ်။
လူတိုင်းလူတိုင်း အလုပ်နားချိန်မှာ စိတ်အပန်းဖြေဖို့အတွက်
ဝါသနာပါသော အလုပ်လေးများကို လုပ်ကိုင်ဖို့လိုပါတယ်။ ဝါသနာဆိုတိုင်း လူတိုင်းမှာ ရှိပါတယ်။
ဥပမာအားဖြင့် ပန်းချီဆွဲခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂစ်တာတီးခြင်း၊ သီချင်းနားထောင်ခြင်း၊
တိုလီမုတ်စ အလုပ်လေးများအား လုပ်ကိုင်စမ်းသပ်ကြည့်ခြင်း…. အစရှိသည်ပေါ့။
တချို့လူတွေကတော့ အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့
ဝိုင်းဖွဲ့ပြီး သောက်စားချင်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့ ပြောတာလည်း ကိုယ့်အကြိုက်နဲ့ကိုယ်မို့
မမှားပါဘူး။ အသောက်အစားဝါသနာကတော့ သင်္ဘောသားတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပေးနိုင်ပါတယ်။
သင်္ဘောသားတစ်ဦးဟာလည်း မိမိနားချိန်မှာ တစ်ကိုယ်တည်း
လုပ်ကိုင်နိုင်ပြီး၊ နောင်အခါ အသုံးဝင်နိုင်မည့် ဝါသနာလေးတွေကို မွေးမြူထားသင့်ပါတယ်။
မိမိ၏ တစ်နေ့တာ ပင်ပန်းမှုကို လျှော့နည်း သက်သာအောင် ဝါသနာလေးတွေက ကူညီပါလိမ့်မယ်။
ဒီဘက်ခေတ်မှာတော့ Laptop ဆိုတာ သင်္ဘောသားတိုင်းလိုလို
ပိုင်ဆိုင်ကြပါတယ်။ Laptop နဲ့ တော်တော်များများ ဝါသနာပါတာကို လုပ်ကိုင်နိုင်ပါတယ်။
ဥပမာအားဖြင့် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း၊ ဓါတ်ပုံပြုပြင်ခြင်း၊
ဘာသာရပ်များလေ့လာခြင်း၊ စစ်တုရင်ထိုးခြင်း၊ အင်တာနက်သုံးခြင်း၊ ဂီတပညာကို လေ့လာခြင်း…အစရှိသည့်
မဆုံးနိုင်သော ပညာရပ်တွေကို လုပ်ကိုင်လို့ရပါတယ်။
အခြားနိုင်ငံတော်တော်များမှာ ဆိပ်ကမ်းရောက်လျှင်
အင်တာနက်ကဒ်များ ဝယ်ယူနိုင်ပြီး၊ အင်တာနက် အသုံးပြုနိုင်ပါတယ်။ Youtube ဆိုဒ်တွင် မိမိဝါသနာပါသည့်
ပညာရပ်ဆိုင်ရာဗီဒီယိုလေးများကို ဒေါင်းထားနိုင်ပါတယ်။ ပင်လယ်ထဲရောက်ရှိပြီး အင်တာနက်မရနိုင်သည့်နေရာမှာ
ထိုဗီဒီယိုလေးများဖြင့် လေ့လာနိုင်ကြပါတယ်။
ထိုနည်းဖြင့် သင်္ဘောသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော
အင်္ဂလိပ်စာကို လေ့လာနိုင်ပါတယ်။ တစ်နေ့တာကို ၁၅ မိနစ် အချိန်ပေးရုံဖြင့် ၃ နှစ်ကြာသောအခါ
ဘာသာရပ်တစ်ခုကို တတ်ကျွမ်းနိုင်ပါသည်ဟု ဆရာပီမိုးနင်း ရေးသားခဲ့ဖူးပါတယ်။ နေ့တိုင်းလေ့လာဖို့တော့
လိုပါလိမ့်မယ်။ အင်္ဂလိပ်စာ အားနည်းတယ်လို့ ပြောတဲ့လူတွေကို မကြာခဏတွေ့ဖူးပါတယ်။ အားနည်းတယ်ဆိုတော့
အားကောင်းလာအောင် လေ့လာရင်ရပါတယ်။ ကိုယ်ဘယ်လောက် စိတ်နှစ်ပြီး၊ ကြိုးစားသလဲဆိုသည့်
အချက်ဟာ အဖြေပါပဲ။
ထိုသို့ ဝါသနာပါရာကို လေ့လာမယ်ဆိုရင်တော့ သင်္ဘောသားတစ်ဦးအတွက်
နေ့တိုင်းကြုံတွေ့နေရမယ့် စိတ်ဖိစီးမှုတွေ သက်သာစေပါလိမ့်မယ်။ အကောင်းမြင် တတ်လာပါလိမ့်မယ်။
သင်္ဘောတစ်စီးမှ ဆင်းလာရင် ငါ ဘယ်လောက် တိုးတက်လာတယ်ဆိုတာကို တွေးပြီး ကြည်နူးနိုင်ပါလိမ့်မယ်။
မိမိကို မည်သူမှ ခိုင်းစေခြင်း မရှိဘဲ ကိုယ်တိုင်လေ့လာလေ့ကျင့်မှုကြောင့် မိမိကိုယ်ကို
ယုံကြည်မှု ပိုမို တိုးတက်လာပါလိမ့်မယ်။ ထိုပြင် မိမိ၏အသိပညာ တိုးတက်လာလျှင် မိသားစုကိုလည်း
မျှဝေပေးနိုင်ပါလိမ့်မယ်…. အစရှိသောအကျိုးတရားများကို ရရှိကြပါလိမ့်မယ်။
ဒီသင်္ဘောသားဘဝထဲမှ မရုန်းထွက်နိုင်သေးသည့် ညီနောင်များအတွက်
မိမိလိုက်နာကျင့်သုံးနေသောနည်းလမ်းလေးတစ်ခုကို မျှဝေပေးခြင်း ဖြစ်ပါတယ်။ ဆရာလုပ်လိုသော
သဘောမဟုတ်ရပါ။ တူညီမှု၊ ကွဲလွဲမှုများလည်း ရှိကြပါလိမ့်မယ်။
လေးစားလျှက်
TWH
No comments:
Post a Comment