သင်္ဘောတက်ဖို့လုပ်နေတဲ့ လူသစ်များ၊ သင်္ဘောပေါ်ရောက်နေပြီး စာမေးပွဲဖြေဖို့
ကြိုးစားနေသူများအတွက် ကျွန်တော့်အတွေ့အကြုံတချို့ကို လက်ဆင့်ကမ်းပေးချင်ပါတယ်။ လိုအပ်ချက်များ
ရှိခဲ့လျှင်လည်း ညီအစ်ကိုများမှ ဆက်လက်ဖြည့်ပေးကြပါဗျာ။
ကျွန်တော်ဟာ အင်ဂျင်နီယာအဖြစ်လုပ်ကိုင်သူဖြစ်တာကြောင့် စက်ခန်းပိုင်းဆိုင်ရာ
ရှုဒေါင့်မှ တင်ပြပေးမှာဖြစ်ပါတယ်။
သင်္ဘောပေါ်ကို စတက်တော့မယ်ဆိုရင်တော့ ဘယ်လိုဘွဲ့တွေနဲ့ ကျောင်းတွေ
ပြီးခဲ့ ပြီးခဲ့ အဆင်ပြေပါ့မလား။ အခက်အခဲတွေ ဘယ်လိုရှိမလဲဆိုပြီး ရင်ခုံနေပါလိမ့်မယ်။
အင်ဂျင်ပိုင်းမှ သင်္ဘောတက်ရမယ်ဆိုရင်တော့ Class 3 ( 3/E )
စာမေးပွဲအတွက် ဖတ်ကြတဲ့စာအုပ်၊ ဆရာဦးဝင်းအောင်ရဲ့စာအုပ်တွေကို မေးမြန်းပြီး ဝယ်လိုက်ပါ။
သင်္ဘောမတက်ခင် ရသလောက်ဖတ်ကြည့်ထားလိုက်ပါ။ မိမိမှာ အခြေခံဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲနားလည်၊
နားလည်ဖတ်ကြည့်ထားပါ။ ဘာကြောင့်လဲဆိုတော့ စာဖတ်ခြင်းမှ အသိဥာဏ်ရယူခြင်း ဖြစ်စဉ်သည်
အချိန်ယူရပါတယ်။ ချက်ချင်း မရပါဘူး။ စာမေးပွဲ ဖြေဖို့ ၄လ၊ ၅ လလောက်မှ စပြီး စာကြည့်စားပွဲမှာ
ထိုင်ဖို့ ကြိုးစားသလိုပါ။
ပထမတော့ ဘာမှနားမလည်သေးဘူးဖြစ်ပေမယ့် အချိန်နှင့်အမျှ တဖြည်းဖြည်း
သိလာပါလိမ့်မယ်။ နားမလည်တာတွေကိုလည်း ကျော်သွားလိုက်ပါ။
သင်္ဘောပေါ်မရောက်ခင် ပြင်ဆင်သင့်သောစိတ်ပိုင်းဆိုင်ရာ အချက်လေးတွေ
ရှိပါတယ်။
၁။ သင်္ဘောသားသစ်အနေနှင့်
မိမိ၏ပညာ၊ ပိုက်ဆံနှင့် မိဘအရှိန်အဝါတွေကို အိမ်မှာ ထားခဲ့လိုက်ပါ။ အလုပ်အသစ်မှာ မိမိအတွက်
အရာရာကို သင်ယူရတော့မည်၊ မသိမတတ်လျှင် အဆူအဆဲ ခံရတော့မည်ဆိုတာကို မှတ်ထားလိုက်ပါ။ အိမ်မှာ
ဘယ်လိုနေခဲ့သည်ဟု ပြောလိုလျှင် အိမ်မှာပဲ နေလိုက်ပါ။
၂။ သင်္ဘောပေါ်တွင် ကိုယ်ထူကိုယ်ထစနစ်သာဖြစ်ပါသည်။
မိမိကို မသိကျွမ်းသည်ကို အချိန်ပေးပြီး၊ မတတ်မချင်း သင်ပြသူများ၊ အလွယ်နည်းလမ်းဖြင့်
ကျက်တတ်မှတ်တတ်အောင် သင်ပြပေးမည့် ဆရာများ၊ ဂိုက်များ မရှိပါ။ မည်သူမျှ အချိန်သက်သက်ပေးပြီး
မသင်နိုင်ကြပါ။ အလုပ်လုပ်ရင်းဖြင့်သာ လေ့လာရမည်။ နားမလည်၍ မေးလျှင်တော့ ဖြေမည့်သူများ ရှိနိုင်ပါသည်။
သို့သော် ထိုအရာရှိ၏ ရှင်းပြမှုအတွက် သူ့ကို ဘယ်လောက်ကူညီပေးထားသလဲ။ ဘယ်လောက် ကိုယ့်ဘာသာ
ကြိုးစားထားသလဲ ဆိုသည့် အချက်များသည် အရေးကြီးပါသည်။
၃။ သင်္ဘောပေါ်တွင်
Job training စနစ်ဖြစ်ပါသည်။ အလုပ်လုပ်ရင်း လေ့လာ သင်ယူခြင်း ဖြစ်ပါသည်။ စက်ပစ္စည်းတစ်ခု
ကျွမ်းကျင်စွာ ပြင်ဆင်မှုရန်အတွက် အဆင့်အချို့ကိုဖြတ်သန်းရပါလိမ့်မည်။
က) ပြုပြင်တပ်ဆင်ခြင်းကို
မြင်တွေ့ဖူးရမည်။
ခ) စာတွေ့ သဘောတရားကို
ကိုယ်တိုင်စာအုပ်နှင့် လေ့လာရမည်။
ဂ) ထိုစက်ပစ္စည်းကို
ကိုင်တွယ်ရသူအင်ဂျင်နီယာကို ကူညီရင်း သင်ယူရမည်။
ဃ) ကိုယ်တိုင်ပြုပြင်တပ်ဆင်ခြင်းကို
ပြုလုပ်ရမည်။
၎။ ပြုပြင်တပ်ဆင်ခြင်းကို
မြုင်ဖူး၊ တွေ့ဖူးလိုလျှင် မိမိ၏ နားချိန်ကို လျှော့၍ အခြား အချိန်မှာ လိုအပ်လျှင်
သွားရောက်လေ့လာပါ။ မြင်တွေ့ထားသောအစိတ်အပိုင်းများ ကို Manual စာအုပ်များ၊ မိမိယူဆောင်လာသည့်စာအုပ်များတွင်
ရှာဖွေမှတ်သားပါ။ အပင်ပန်းခံပြီး ကူညီလျှင် တာဝန်ရှိအင်ဂျင်နီယာသည် မိမိကို ယုံကြည်လာပြီး၊
တစ တစ လက်လွှဲခိုင်းပါလိမ့်မည်။
ထိုအင်ဂျင်နီယာသည် မိမိဘေးနားတွင်ရှိနေသောကြောင့် မိမိသည်
ယုံကြည်မှုရှိလာသလို အမှားအယွင်းလဲ နည်းပါးပါလိမ့်မည်။ တတ်နိုင်သလောက် စာအုပ်နှင့် ချရေးမှတ်သားပါ။
မိမိဖက်မှ ဘာမှမပေးဆပ်လျှင် ဘာမှ တတ်မြောက်မည်မဟုတ်ပါ။
စာမေးပွဲဖြေရန် ကျူရှင်တက်၊ စာတွေ အလွတ်ကျက်ပြီး
ဖြေသူနှင့် ကိုယ်တိုင်ဖြတ်သန်းလာသူ၏ အဖြေသည် သေချာစွာ ကွဲပြားပါသည်။
သင်္ဘောပေါ်ရှိအရာရှိတိုင်းသည် အောက်ခြေမှ တဆင့်ပြီး
တဆင့် တက်လာသူများဖြစ်ပြီး၊ မိုးကျရွှေကိုယ်များ မဟုတ်ကျပါ။ ထို့ကြောင့် မိမိ၏ ကြိုးစားမှုကို
နားလည်ပေးနိုင်သလို၊ မိမိ၏စိတ်ခံစားမှုများ၊ လိုအပ်ချက်များကို နားလည်ကြပါသည်။ ထို့ကြောင့်
သူတို့ မသိပါဘူးဟု ထင်လျှင်တော့ မိမိသာ မသိသေးသူဖြစ်ပါလိမ့်မည်။
အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ရှာဖွေနိုင်သလို၊
ကိုယ့်အထက်လူကြီး များထံမှ မျှဝေနာကြားမှတ်သားခြင်းဖြင့် ရရှိနိုင်ပါသည်။ သို့သော်လည်း
ထိုအတွေ့ အကြုံများကို မိမိကို မျှဝေပေးလာရန်အတွက် ကြိုးစားမှုကို မိမိကပေးဆပ်ရပါမည်။
သူတို့ကိုယ်တိုင်လည်း အလွယ်တကူ ရရှိခဲ့ကြသည် မဟုတ်ကြပါ။
သင်္ဘောပေါ်တွင် လက်တွေ့စက်ပစ္စည်းများနှင့်
သင်ယူခြင်းသည် အကောင်းဆုံးသင်ယူခြင်း ဖြစ်သည်ဟု အမြဲမှတ်ထားပါ။
Sea service အပြင် လိုအပ်သောပညာများကို သင်္ဘောပေါ်မှ
ရှာဖွေလာခဲ့သူသည် စာမေးပွဲများတွင် အဆင်ပြေပါလိမ့်မည်။ စာမေးပွဲအောင်ပြီး လက်မှတ်ကိုင်ရလျှင်လည်း
အလုပ်များကို မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ပါလိမ့်မည်။
သင်္ဘောပေါ်ရှိ ပညာကို သင်ယူခြင်းနည်းလမ်းမှာ
မိမိကျရာ တာဝန်ကို ကျေပွန်စွာလုပ်ကိုင်ခြင်း၊ အခြားသူများကို ကူညီ၍ လေ့လာသင်ယူခြင်း
နည်းလမ်းတို့သာဖြစ်ပါသည်။
မိမိကိုယ်တိုင် လေ့လာသင်ကြားမှုလုပ်ငန်းတွင်
အာရုံစိုက်ထားခဲ့လျှင် မိမိအတွက် ဦးတည်ရာပန်းတိုင်ကို နီးနီးကပ်ကပ်တွေ့နေရသလိုဖြစ်ပြီး၊
အခြားသော လှိုင်းဒဏ်လေဒဏ်၊ လူမှုရေးပဋိပက္ခဒဏ်နှင့် မိသားစုမှ ဝေးကွာခြင်းဒဏ်တို့ကို ခံနိုင်ရည်ရှိလာပါလိမ့်မည်။
ကျွန်တော် ကိုယ်တိုင်လည်း ဖတ်မှတ်လေ့လာဆဲ
လူတစ်ယောက်ပါ။ လူသစ်များနှင့် ညီငယ်များအတွက် တတ်သိသလောက် မျှဝေပေးခြင်း ဖြစ်ပါတယ်။
လိုအပ်ချက်များ ရှိလျှင်လည်း နောင်တော်များမှ ဆက်လက်ဖြည့်ဆွက် ပေးကြပါခင်ဗျား။
လေးစားလျှက်
TWH
No comments:
Post a Comment