Thursday, October 1, 2015

ဆိုင်ဖွန် ( Siphon ) ဆိုတာ ဘာလဲ..OWS system နဲ့ Sewage Discharge system တွေမှာ ဘာလို့ Anti-siphon valve တွေ တပ်ထားရသလဲ..




        ဆိုင်ဖွန် ( Siphon ) ဆိုတာ “U” ပုံစံပိုက်ချောင်းကို ပြောင်းပြန်လှန်ထားတာကို ခေါ်တာပါ။ ထို ဆိုင်ဖွန်ပိုက်ကို တပ်ထားခြင်းဖြင့် အပေါ်တိုင်ကီထဲမှ အရည်တစ်ခုကို အောက်တိုင်ကီသို့ ပန့်မသုံးဘဲ စီးဆင်းစေပါတယ်။


         ရေပိုက်ထဲကို အပေါ်ဖက်ကို စီးတက်သောရေထုထည်နှင့် အောက်ဖက်ကို စီးကျသော ရေထုထည်သည် တူညီမှုရှိပါတယ်။

         အရည်ထုကို အမြင့်ပိုင်းနေရာမှ ဆွဲစုပ်ယူပြီး အနိမ့်ပိုင်းနေရာကို စီးဆင်းစေခြင်းကို ဆိုင်ဖွန်စီးဆင်းခြင်း ( Siphoning ) လို့ ခေါ်ပါတယ်။

         အဲဒီလို အရည်တွေကို မစီးဆင်းချင်ရင် ဆိုင်ဖွန်ပိုက်ထိပ် အကွေးမှာ အပေါက်တစ်ပေါက် ဖေါက်လိုက်ပါ။

         အရည်စီးဆင်းမှု ရပ်တန့်သွားပါလိမ့်မယ်။

ဆိုင်ဖွန်အကွေးတွင် အပေါက်ဖေါက်ခြင်း (သို့) Anti-siphon valve တပ်ဆင်ခြင်း

        “U” ပုံစံ ပိုက်အကွေး ထိပ်မှာ အပေါက်ဖေါက်လျှင် သို့မဟုတ် Anti-siphon valve တပ်လျှင် ထိုပိုက်အတွင်း ဆိုင်ဖွန်သဘောတရားဖြစ်သော အမြင့်ပိုင်းမှ အနိမ့်ပိုင်းသို့ အရည် မစီးဆင်းနိုင်တော့ပါ။ ပိုက်အတွင်း အပေါက်မှ လေဝင်လာသောအခါတွင် ပိုက်နှစ်ဖက်အတွင်းရှိ အရည်များသည် အောက်သို့ ပြန်ဆင်းသွားပါသည်။

       ထို့ကြောင့် ဆိုင်ဖွန်စီးဆင်းခြင်း မဖြစ်စေရန်အတွက် ထိုကဲ့သို့ စီစဉ်ထားခြင်း ဖြစ်ပါသည်။ ရေမျက်နှာပြင်အကျော်တွင် အပေါက်တပ်ပိုက်ကွေး ( Vent loop ) ကို တပ်ဆင်ထားပါသည်။

       OWS system and Sewage system တို့၏ ပိုက်များသည် ရေမျက်နှာပြင်အောက်တွင် ရောက်နေပါသည်။ အကယ်၍ တစုံတစ်ခုသော အကြောင်းကြောင့် Valve မလုံလျှင် ဆိုင်ဖွန်စီးဆင်းခြင်း ဖြစ်ပေါပြီး ပင်လယ်ရေသည် OWS system, bilge tank နှင့် Sewage system- holding tank အတွင်းသို့ ပြန်လည် စီးဝင်လာနိုင်ပါသည်။

      ထို့ကြောင့် ဆိုင်ဖွန်စီးဆင်းခြင်းကို မဖြစ်စေရန် ဆိုင်ဖွန်ပိုက်ကွေးနှင့် Anti-siphoning valve ကို OWS system and Sewage system များတွင် တပ်ဆင်ထားပါသည်။

      Anti-siphoning valve ဆိုသည်မှာ No-return flap valve တစ်ခုဖြစ်ပြီး၊ ရေစီးရာလမ်းကြောင်း ( Direction ) ကို အပြင်မှ ဆိုင်ဖွန်ပိုက်ကွေးအတွင်းသို့ ပုံစံ တပ်ထားသော သာမာန်ဗါးတစ်လုံးပင် ဖြစ်ပါသည်။ ဓါတ်ပုံရှာတွေ့လျှင် ပြန်တင်ပေးပါမယ်။

Note:   : တောရွာများတွင် ရေပန့်မသုံးဘဲ ရေတွင်းမှ ရေငန်ရန်အတွက် ဆိုင်ဖွန်သဘောတရားကို အသုံးပြုထားသော ရေတင်ပုံးများ ပြုလုပ်ကြပါသည်။ 

        ထို Anti-siphoning valve နဲ့ ပတ်သက်ပြီး ကျနော်တို့ သင်္ဘော Southampton, UK တွင် PSC အဖမ်းခံရဖူးပါသည်။ ထိုရက်မတိုင်မှီ Class survey, annual ဝင်ပြီးပါပြီ။ သို့သော် PSC inspector ၂ ယောက်မှ ထိုဗါးကို ကျနော်တို့က အင်ဂျင်ခန်းအတွင်းမှ ရေဆိုးများကို အပြင်သို့ ထုတ်ရန် တပ်ဆင်ထားသည်ဟု ထင်ပါသည်။ သူတို့၏ အတွေ့အကြုံ မရှိမှုကြောင့် မှားယွင်းခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်နေ့တွင် Surveyor ထပ်လာရှင်းပေးသောအခါတွင် အဆင်ပြေသွားခဲ့ဖူးပါသည်။

      သူတို့ကို ထိုသို့ ပုံဆွဲရှင်းပြခြင်း ၊ Web site အကိုးအကားဖြင့် ရှင်းနိုင်လျှင် သူတို့နားလည်နိုင်သော်လည်း ကျနော်တို့ မရှင်းပြနိုင်ခဲ့ပါ။

လေးစားလျှက်

လူမှုဘဝ ညီမျှစေဖို့….




      လူရယ်လို့ ဖြစ်လာရင် အလုပ်အကိုင်တစ်ခုခု ရှိရမှာပါ။ အဲဒီအလုပ်အကိုင်ကို မိမိစိတ်ကြိုက်ရွေးချယ်ရမှာပါပဲ။ ရွေးချယ်လုပ်ကိုင်ပြီးတော့မှ မကြိုက်တော့ဘူး ဆိုတာ ဖြစ်တတ်သလို… မကြိုက်ပေမယ့် အခြားရွေးချယ်စရာနည်းပါးလို့ ဆက်လက် လုပ်ကိုင်နေရတာလည်း ဖြစ်တတ်ကြပါတယ်။ အရွယ်ရောက်သူတွေချည်းမို့ မိမိရွေးချယ်မှုအတွက် မိမိတာဝန်ခံရပါလိမ့်မယ်….
      တိမ်တိုက်တွေ ဘယ်လောက်မဲမဲ ငွေရောင် အနားကွပ်လေးတွေတော့ ရှိပါတယ်…ဆိုတဲ့ အင်္ဂလိပ် စကားပုံလေးရှိပါတယ်။ ဘယ်အလုပ်အကိုင်မဆို အကောင်းအဆိုး ဒွန်တွဲနေတာပါ။…

       ဒီဘတ်ခေတ်မှာ မိမိတို့နိုင်ငံထက် ချမ်းသာတဲ့နိုင်ငံမှ နိုင်ငံသားတွေလည်း သင်္ဘောလိုက်ကြပါတယ်..

ဘာကြောင့်လဲ..

      ပိုက်ဆံမြန်မြန် ရလွယ်လို့ပါ..
      အဲဒီတော့ လူတိုင်းဝင်ရုန်းကန်နေကြတဲ့ သင်္ဘောသားဒုက္ခတွေ ခံရတာတဲ့ လူတွေ အများကြီးပါ…

ကျနော်ပြောချင်တာက…ကဲ.. ဒီအလုပ်ကိုပဲ ဆက်လုပ်နေပေမယ့် လျှော့ပါးသွားတဲ့ မိသားစုဘဝလေးတွေ ဘယ်လိုပြန်ဖြည့်မလဲ…

       ပိုက်ဆံတွေပဲ ရှာပြီး ပေးရုံနဲ့ လုံလောက်ကြမှာလား…
       အဓိကပြောချင်တာကတော့..

အိမ်ထောင်သည်ဘဝပါ။ သိတဲ့အတိုင်း အိမ်ထောင်ကျပြီး ဆိုမှတော့ မိန်းမနဲ့ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်တာ လူ့သဘာဝပါ..

       မဖြစ်တဲ့ ကိစ္စတွေကို ထိုင်ပြီး ညည်းညူနေမယ့်အစား မိမိတို့ပြန်ရောက်ချိန်မှာ မိသားစုအတွက် ဘာတွေလုပ်ကိုင်ပေးနိုင်မလဲ။ ဘာတွေ ဖန်တီးပေးနိုင်မလဲ… တွေးပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးကြဖို့ပါ…
       တကယ်တော့ မိမိတို့ယောင်္ကျားတွေ အိမ်ထောင်တစ်ခုအတွက် ပိုက်ဆံရှာဖွေချိန်မှာ အိမ်ထောင်သည်မတွေလည်း ကလေးတွေ စောင့်ရှောက်၊ လုပ်ကိုင်ကျွေးမွေး၊ ထိန်းကျောင်းရတာ မအားလပ်ရပါဘူး..

       အလုပ်လုပ်ကိုင်နေရတဲ့ အိမ်ရှင်မတွေဆို အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်နဲ့ မနည်းကို တစ်နေ့ တစ်နေ့ ရုန်းကန်နေရတာပါ..
      ဟိုဟိုဒီဒီ သွားလာလည်ပတ်ဖို့ ဆိုတာ သိပ်မအားတတ်ကျပါဘူး။

       အလည်အပတ် အပျော်ခရီးဆိုတာ ယောင်္ကျားသင်္ဘောသား ပြန်လာမှ သွားဖို့လာဖို့ အခွင့်အရေးရကြတာပါ။

       အိမ်အလုပ်ဆိုတာ ခေါင်းစဉ်တပ်လို့ မရပေမယ့် တနေကုန် တကုပ်ကုပ် အချိန်ကုန်နေရတဲ့ အလုပ်မျိုးပါ။

       ကျနော်တို့ ယောင်္ကျားများ သတိမေ့တတ်တဲ့ အချက်လေးကို ပြောပြတာပါ..

       ဘာကြောင့်လဲ ဆိုတော့ ကျနော်လဲ အိမ်ထောင်ရှင်တစ်ယောက်မို့ သိတဲ့အတိုင်း…

       အိမ်ရောက်ပြီး နောက်နေ့ဆိုတာနဲ့ ရုံးသွားမယ်ဆိုပြီး ချိန်းကြပါပြီ။ ချိန်းပြီး သောက်…ပြီးတော့ သိတဲ့အတိုင်း … တော်တော်လေး ညဉ့်နက်မှ အဆုံးသတ်နိုင်ကြတာပါ…
       နောက်နေ့ တစ်ရက် နှစ်ရက်နား…ပြီး အိမ်ကပ်နေ့… ပြီးတော့ သိပ်မကြာပါဘူး… ဘယ်သူပြန်လာလို့ ဘယ်သူပြန်ထွက်လို့ ဇာတ်လမ်းတွေ လုပ်လိုက်တာ.. နောက်တစ်ကြိမ် ကိုယ်ပြန်ထွက်တဲ့ အလှည့်ရောက်သည်အထိပါပဲ..

      အိမ်ထောင်ရှင်မ…ကတော့ အစီအစဉ်တွေ ဟိုသွား ဒီလာဖို့ ခဏ ခဏ ဆွဲပါတယ်…

      ယောင်္ကျာများလည်း …အဲဒီလို အစဉ်အစဉ်များကြားမှ မအားကျရပါဘူး…

      အခုခေတ်ဟာ အင်တာနက်ခေတ် အရမ်းမြန်တဲ့ခေတ်ရောက်နေပါပြီ..

       ဒီလိုအချိန်မှာ သားတွေ…သမီးတွေနဲ့ အပြိုင် ဂိမ်းကစားသင့်ရင် ကစားရပါမယ်.. တရင်းတနှီး ပိုနေပေးရပါမယ်…

       ဘာကြောင့်လဲဆိုတော့ အရမ်းမြန်တဲ့ခေတ်မှာ မိဘတွေ အမြန်မလိုက်ရင် သားသမီးတွေရဲ့ ခေတ်ရေစီးကြောင်းကို မမှီနိုင်တော့ပါဘူး..
       တဖြည်းဖြည်းနဲ့ မိမိဟာ ငွေလုပ်ပေးတဲ့သက်ရှိသတ္တဝါကြီး အဖြစ် ပြောင်းသွားပါလိမ့်မယ်…

       အမေ..တစ်ယောက်ထဲနဲ့ သားသမီးတွေကို ထိန်းသိမ်းနေလို့ မရပါဘူး..

       ယောင်္ကျားသားဖြစ်တဲ့ အိမ်ထောင်ဦးစီးတွေဟာလည်း စံနမူနာဖြစ်အောင် နေထိုင်ပြီး မိမိရဲ့ သား၊ သမီးတွေကို စောင့်ရှောက်ရမှာပါ…

      အဲဒီလို အဖေါ်အပေါင်းများနဲ့ မိမိအိမ်ထောင်ကြား မျှတအောင် ထိန်းညှိနိုင်မှသာ မိမိတို့ရဲ့ အိုးဝေး အိမ်ပစ် ပိုက်ဆံသွားရှာနေရတာ တန်ပါလိမ့်မယ်..

      ပိုက်ဆံတွေတော့ ရလာပါရဲ့ မိန်းမ က မလေးစား၊ သားသမီးက ဂရုမစိုက်ဆိုရင် ဒီဘဝ ဘယ်တန်ဖိုး ရှိတော့မှာလဲ..

       လူမှုဘဝမျှတ ညီညွတ်စေဖို့အရေး သတိလေးထား ဆောင်ရွက်နိုင်ကြပါစေလို့…

မိမိကိုယ်တိုင် ဖြတ်သန်းမှုအပေါ် အခြေခံ၍ ရေးသားလိုက်ရပါတယ်..

လေးစားလျှက်

Wednesday, April 15, 2015

အလုပ်တွေ အဆင်ချောစေဖို့



      ကျနော့်ညီငယ်တစ်ယောက် ဂျပန်နိုင်ငံက ကူညီထားတဲ့ အင်ဂျင်နီယာသင်တန်းတစ်ခုမှာ တက်နေပါတယ်။ သင်တန်းအပြီး အလုပ်ခန့်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ဂျပန်ကုမ္ပဏီတစ်ခုမှ ကျောင်းသားတွေကို ရွေးချယ်ခေါ်ယူပါတယ်။ ရွေးချယ်ခံရတဲ့လူစာရင်းမှာ အတန်းထဲရှိ အတော်ဆုံးကျောင်းသား မပါဝင်ပါဘူး။ 
ဘယ်ကျောင်းသားတွေကို ရွေးချယ်လိုက်သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

        ကျောင်းတက်အမှန်ဆုံးကျောင်းသားတွေကို ရွေးချယ်လိုက်ပါသတဲ့။ ရွေးချယ်ခဲ့တဲ့ဂျပန်က ဒီလိုပြန်ရှင်းပြပါတယ်။

“ ငါတို့ဂျပန်မှာ စည်းကမ်းလိုက်နာခြင်း- ၅၀%၊ အင်ဂျင်နီယာရင်း- ၅၀ % ပါတဲ့။ မတတ်တဲ့လူကို တတ်အောင်သင်ဖို့ ဖြစ်နိုင်ပေမယ့်၊ စည်းကမ်းမလိုက်နာသူကို လိုက်နာအောင် လုပ်ဖို့ဆိုတာ ခက်တယ်”

        နေရာအတော်များများမှာ ကြားရတတ်တဲ့စကားတွေက

“ငါတို့ ရွှေတွေက လက်ပါတယ်။ တကယ်လုပ်နိုင်တယ်။ ဖါးတွေက ဘာမှ လုပ်တာ မဟုတ်ဘူး။ ဟိုကောင်တွေက …. မတတ်ဘူး။ ….တွေက စကားပဲ ပြောတတ်တာ…”

        အစရှိသည့် တတ်ကြောင်း၊ လုပ်နိုင်ကြောင်း စကားလုံးတွေပါပဲ။

“ငါတို့ ရွှေတွေ ညီညွတ်ကြတယ်။ …” လို့ ပြောတာ ကြားဖူးကြမှာ မဟုတ်ပါဘူး။

        တကယ်တော့ ယနေ့ခေတ်ဆိုတာ ပူးပေါင်းပြီး ယှဉ်ပြိုင်ကြတဲ့ခေတ်ပါ။ တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ဆောင်နိုင်ကြတဲ့ခေတ် မဟုတ်ပါဘူး။ လူတွေ အတူတကွ ပူးပေါင်းလုပ်ကိုင်ကြမယ်ဆိုရင် ဆောင်မြင်ဖို့အတွက် အဓိကအကျဆုံး ကိစ္စဟာ ကိုယ့်အကျိုးထက် ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွါးကို ဦးစားပေးရပါမယ်။

        ကိုယ့်အတ္တလေးကို ကွက်ပြီး ရှေ့တန်းတင်နေရင် အဖွဲ့အစည်းရဲ့ပန်းတိုင် အောင်မြင်မှာ မဟုတ်ပါဘူး။ သင်္ဘောသားအလုပ်ဆိုတာဟာ ပူးပေါင်းလုပ်ဆောင်ရမယ့် အလုပ်တွေပါ။ မိမိကျရာတာဝန်ကို လုပ်ကိုင်ရင်း၊ အခြားသင်္ဘောသားတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လို့ ပင်လယ်ပြင်မှာ ရုန်းကန်လှုပ်ရှားနေရတာပါ။

        လုပ်ကိုင်ရာမှာ ထိရောက်မှုရှိဖို့ ကိုယ်ပိုင်တာဝန်တွေကို ပေးထားသော်လည်း အခြားအလုပ်တွေဆိုတာလည်း မိမိနှင့် ပတ်သက်နေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။

        ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စတွေ တွေ့ခဲ့ရင် မိမိရဲ့တာဝန်ချိန် မဟုတ်သော်လည်း ကူညီလုပ်ကိုင်ပေးရပါမယ်။ တခုခုဖြစ်လာခဲ့ရင် ပြေးစရာ မြေမရှိတဲ့သင်္ဘောသားဘဝပါ။

        အပြန်အလှန်ပူးပေါင်းဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်ကျိုးကို ရှေ့တန်းတင်ကြတဲ့အခါ၊ ခိုက်ရန်ဖြစ်ပွါးမှုများ ၊ အဆင်မပြေမှုများ ရှိလာတတ်ပါတယ်။ 

        ဒါကြောင့် အပြန်အလှန် နားလည်မှုပေးပြီး၊ ပိုမိုလုပ်ကိုင်လေ့ရှိကြမယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီး အလုပ်ဝေစုတွေရပါလိမ့်မယ်။ ခိုက်ရန်ဖြစ်ပွါးမှုတွေ လျှော့ချနိုင်ပြီး ကောင်းသတင်းတွေ ပိုမိုဝေဖြာပါလိမ့်မယ်။

        တွေးမိသမျှလေးပါ…

လေးစားလျှက်

TWH

Monday, December 29, 2014

ကြယ်တွေကို မြင်အောင်ကြည့်ပါ




        တခါက အကျဉ်းထောင်တစ်ခုရှိ အခန်းတစ်ခုမှာ ထောင်သားနှစ်ဦးနေထိုင်ပါတယ်။ ထိုအခန်းတွင် အပြင်ကို ကြည့်စရာ သံတိုင်များ တန်းထားသည့်ပြတင်းပေါက်တစ်ခု ရှိပါတယ်။ ပထမလူက ထိုပြတင်းပေါက်မှ အပြင်ကို ကြည့်သောအခါ ကာရံထားသောတံတိုင်းကြီးနှင့် အပြင်ဖက်ရှိ မညီမညာ ကျောက်တုံးများ၊ ဆူးညောင့်များ၊ ရွှံ့နွံများကို မြင်ပြီး၊ မသာယာသောမြင်ကွင်းကို တတွတ်တွတ်နှင့် အမြဲရေရွတ်ညဉ်းတွားနေပါတယ်။ ဒုတိယလူကတော့ အပြင်ကို ကြည့်သောအခါတွင် ကောင်းကင်ကို မော့ကြည့်လေ့ရှိပြီး၊ ကြယ်လေးများကို ရေတွက်ပြီး၊ ကြည်နူးနေလေ့ရှိပါတယ်။

        ကျွန်တော်တို့ သင်္ဘောသားများဘဝဟာလဲ ထိုအကျဉ်းသားနှစ်ဦးလိုပါပဲ။ သင်္ဘောပေါ်ရောက်ရှိပြီဆိုရင် ထောင်ကျသွားတာပါပဲ။ ကိုယ့်စိတ်နှင့် ကိုယ့်ကို မရှိတော့ပါဘူး။ တာဝန်အတိုင်း လိုက်နာရတော့တာပါပဲ။ 

        ထိုအခါမှာ ကျွန်တော်တို့ဟာ မိမိတို့ရောက်ရှိနေသောနေရာ၊ လုပ်နေရသောအလုပ်အကိုင်တို့ကို ညဉ်းတွားအပြစ်တင်ကြလေ့ရှိပါတယ်။ ပြတင်းပေါက်မှကြည့်ရာမှာ ဆူးညောင့်တွေ၊ ကျောက်တုံးတွေကိုသာ မြင်တွေ့သလိုပါပဲ။

        ကဲ… အခု ကျွန်တော်တို့ ကြယ်တွေကို ကြည့်ကြရအောင်ဗျာ။
        ပထမဆုံးအချက်ကတော့ ကျွန်တော်တို့ရရှိတဲ့ငွေကြေးများဟာ အလွန်ဖြူစင်သန့်ရှင်းပါတယ်။ မည်သူတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်ကြီးငယ် မပါ ပါဘူး။ ဂွင်ကောင်းကောင်းရနေတဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဟာ သူ့အထက်လူကြီးနဲ့ ဘယ်လိုဆက်ဆံရသလဲဆိုတာကို ကြုံဖူးတဲ့လူတွေ သိကြပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ရိုးရိုးသားသားလုပ်ကိုင်လို့ တစ်လ ၁၀ သိန်းရဖို့ဆိုတာ လုံးဝ မလွယ်ကူပါဘူး။ စီးပွါးရေးလုပ်လို့ တစ်လ ၁၀ သိန်းဆိုတာ လိုအပ်တဲ့အရင်းအနှီး၊ ကျွမ်းကျင်မှု၊ အဆက်အသွယ် စသည့် အရာများစွာ ထပ်မံစိုက်ထုတ်ရမှာပါ။

        သင်္ဘောပေါ်မှာ လူတိုင်းရဲ့တာဝန်တွေကို ရေးသားထားပြီး၊ အဲဒီအတိုင်း လိုက်နာကြရပါတယ်။ စည်းလွတ်ဝါးလွတ်နေထိုင်လို့ မရပါဘူး။ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ရတယ်ဆိုတဲ့ အလေ့အကျင့်လေးကို ကျွန်တော်တို့ အိမ်အထိ သယ်သွားပြီး၊ မိသားစုနဲ့အတူ ကျင့်သုံးကြည့်မယ်ဆိုရင် အကျင့်ကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အရာရာကို မှတ်တမ်း၊ မှတ်ရာနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ လစဉ်အသုံးစရိတ် ဝင်ငွေ၊ ထွက်ငွေ၊ စုဆောင်းငွေတွေကို စနစ်တကျ စီစဉ်သုံးစွဲလေ့ရှိအောင် လုပ်ကြည့်ကြရင် ကောင်းမလား။ 

        ကျွန်တော့်မိတ်ဆွေ စီးပွါးရေးသမားတစ်ယောက်နဲ့ စကားပြောရင်း သင်္ဘောပေါ်မှာ ကျင့်သုံးတဲ့ PMS ( Planned Maintenance Schedule ) ကို ပြောပြမိပါတယ်။ ဘာရယ်လို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို စေ့စေ့ပေါက်ပေါက် မေးပါတယ်။ နောက် ၆လ လောက်အကြာ သူနဲ့ ပြန်တွေ့ချိန်မှာ သူ့ရဲ့လုပ်ငန်းသုံးကားတွေ Maintenance လုပ်ဖို့ အစီအစဉ်တစ်ခုရေးဆွဲပြီးသွားပြီ လို့ ပြောပါတယ်။ ခင်ဗျား ပြောပြတဲ့အချက်အလက်တွေကို အခြေခံပြီး ဆက်လုပ်သွားတာတဲ့။

        ဒီအချက်တွေအပြင် အခြားအချက်ပေါင်းများစွာရှိနိုင်ပါတယ်။ ကျွန်တော့် ဆိုလိုရင်းက အခြားတစ်ဖက်မှ လှည့်တွေးကြည့်ပြီး၊ မိမိတို့ဘဝထဲကို ယူငင် ပေါင်းစပ်ဖို့ပါ။ 

        သင်္ဘောသားဖြစ်ခါစ လူသစ်လေးတွေကလဲ မေးခွန်းတွေ ထုတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ လူသစ်မို့လို့ အခြားအဆင့်မြင့်အရာတွေ မသိပါဘူး။ လောလောဆယ် စားပွဲထိုး၊ ကြမ်းတိုက်နေရတာပါပဲ။ ဘယ်လိုများ ကြယ်တွေ မြင်အောင် ကြည့်ရမှာလဲ…

        အမေရိကန်သမ္မတကြီးလင်ကွန်းရဲ့အတ္ထုပ္ပတိကို ဖတ်ဖူးကြမယ်လို့ ထင်ပါတယ်။ သမ္မတကြီးလင်ကွန်းဟာ အလွန်ဆင်းရဲပါတယ်။ မီးလင်းဖိုဘေးမှာစာဖတ်၊ အလုပ်ကြမ်းတွေလုပ်ပြီး ကိုယ့်ပညာရေးကို ကိုယ်တိုင်ရှာဖွေခဲ့ရတာပါ။

        သမ္မတမဖြစ်ခင် အမတ်လောင်းဘဝမှာ အမတ်ရွေးပွဲဝင်ပါတယ်။ အမတ်ရွေးပွဲရဲ့ထုံးစံအတိုင်း စကားစစ်ထိုးရပါတယ်။ သူ့ရဲ့ယှဉ်ပြိုင်ဖက် အမတ်လောင်းက မြေရှင်ကြေးရှင်ပါ။ သူက လင်ကွန်းကို ဒီလို မေးခွန်းထုတ်လိုက်ပါတယ်။
“ခင်ဗျား မှတ်မိသေးရဲ့လားဗျ၊၊ ကျွန်တော်တို့အိမ်မှာ ခင်ဗျားခြံစည်းရိုးလာခတ် ပေးခဲ့ဖူးတယ်လေ။”

        သမ္မတကြီးလင်းကွန်းက ဒီလိုပြန်ဖြေခဲ့ပါတယ်။
“မှတ်မိတာပေါ့ဗျာ။ အဲဒီခြံစည်းရိုးတိုင်တွေ မယိုင်မလဲပဲ အကောင်းအတိုင်း ရှိသေးတယ် မဟုတ်လားဗျ။”
        ခြံစည်းရိုးတိုင်စိုက်၊ ကူလီ၊ လက်သမားလုပ်ခဲ့ရတာ ရှက်စရာမဟုတ်ပါဘူး။ လုပ်တဲ့အလုပ်ကို အချောင်ခို၊ မသေမသပ်၊ ပျက်ချော်ချော် လုပ်ကိုင်မှုသာ ရှက်စရာကောင်းတာပါ။

        သင်္ဘောပေါ်ရှိအရာရှိကြီးတိုင်း ဒီလိုအောက်ခြေအဆင့်မှ စခဲ့ကြတာပါ။ ကြိုးစားချင်စိတ်နဲ့ တာဝန်ကျေချင်စိတ်ရှိရင် ဒီအဆင့်ထက်မြင့်လာပါလိမ့်မယ်။ ခဏတာလို့စိတ်မှာထားပြီး၊ အလုပ်ကို အမြဲဆက်ကြိုးစားနေဖို့လိုပါတယ်။ တတ်နိုင်သမျှ အကောင်းမြင်စိတ်လေးထားပြီး၊ ကြိုးစားလိုက်ပါ။ ဒုက္ခတွေ၊ နာကျင်မှုတွေကို ကြိုးစားမှုအတွက် တွန်းအားအဖြစ် ပြောင်းလဲလိုက်ပါ။

        “သင် ဆင်းဆင်းရဲရဲ မွေးဖွါးလာခဲ့ရင် သင့် အပြစ်မဟုတ်ပါဘူး။ သို့သော် သင် ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရင်တော့ သင့်အပြစ်ပါ။” လို့ Microsoft ကုမ္ပဏီပိုင်ရှင် Bill Gate ပြောဆိုခဲ့ဖူးပါတယ်။
        သင်္ဘောသားညီနောင်တို့ ဆက်လက်ကြိုးစားနိုင်ကြစေဖို့ ရည်ရွယ်လျှက်….

လေးစားစွာဖြင့်
TWH