Saturday, December 27, 2014

သိဖို့၊ တတ်ဖို့ ဘယ်လိုလုပ်ရမလဲ




သင်္ဘောတက်ဖို့လုပ်နေတဲ့ လူသစ်များ၊ သင်္ဘောပေါ်ရောက်နေပြီး စာမေးပွဲဖြေဖို့ ကြိုးစားနေသူများအတွက် ကျွန်တော့်အတွေ့အကြုံတချို့ကို လက်ဆင့်ကမ်းပေးချင်ပါတယ်။ လိုအပ်ချက်များ ရှိခဲ့လျှင်လည်း ညီအစ်ကိုများမှ ဆက်လက်ဖြည့်ပေးကြပါဗျာ။

ကျွန်တော်ဟာ အင်ဂျင်နီယာအဖြစ်လုပ်ကိုင်သူဖြစ်တာကြောင့် စက်ခန်းပိုင်းဆိုင်ရာ ရှုဒေါင့်မှ တင်ပြပေးမှာဖြစ်ပါတယ်။


သင်္ဘောပေါ်ကို စတက်တော့မယ်ဆိုရင်တော့ ဘယ်လိုဘွဲ့တွေနဲ့ ကျောင်းတွေ ပြီးခဲ့ ပြီးခဲ့ အဆင်ပြေပါ့မလား။ အခက်အခဲတွေ ဘယ်လိုရှိမလဲဆိုပြီး ရင်ခုံနေပါလိမ့်မယ်။

အင်ဂျင်ပိုင်းမှ သင်္ဘောတက်ရမယ်ဆိုရင်တော့ Class 3 ( 3/E ) စာမေးပွဲအတွက် ဖတ်ကြတဲ့စာအုပ်၊ ဆရာဦးဝင်းအောင်ရဲ့စာအုပ်တွေကို မေးမြန်းပြီး ဝယ်လိုက်ပါ။ သင်္ဘောမတက်ခင် ရသလောက်ဖတ်ကြည့်ထားလိုက်ပါ။ မိမိမှာ အခြေခံဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲနားလည်၊ နားလည်ဖတ်ကြည့်ထားပါ။ ဘာကြောင့်လဲဆိုတော့ စာဖတ်ခြင်းမှ အသိဥာဏ်ရယူခြင်း ဖြစ်စဉ်သည် အချိန်ယူရပါတယ်။ ချက်ချင်း မရပါဘူး။ စာမေးပွဲ ဖြေဖို့ ၄လ၊ ၅ လလောက်မှ စပြီး စာကြည့်စားပွဲမှာ ထိုင်ဖို့ ကြိုးစားသလိုပါ။ 

ပထမတော့ ဘာမှနားမလည်သေးဘူးဖြစ်ပေမယ့် အချိန်နှင့်အမျှ တဖြည်းဖြည်း သိလာပါလိမ့်မယ်။ နားမလည်တာတွေကိုလည်း ကျော်သွားလိုက်ပါ။ 

သင်္ဘောပေါ်မရောက်ခင် ပြင်ဆင်သင့်သောစိတ်ပိုင်းဆိုင်ရာ အချက်လေးတွေ ရှိပါတယ်။


၁။ သင်္ဘောသားသစ်အနေနှင့် မိမိ၏ပညာ၊ ပိုက်ဆံနှင့် မိဘအရှိန်အဝါတွေကို အိမ်မှာ ထားခဲ့လိုက်ပါ။ အလုပ်အသစ်မှာ မိမိအတွက် အရာရာကို သင်ယူရတော့မည်၊ မသိမတတ်လျှင် အဆူအဆဲ ခံရတော့မည်ဆိုတာကို မှတ်ထားလိုက်ပါ။ အိမ်မှာ ဘယ်လိုနေခဲ့သည်ဟု ပြောလိုလျှင် အိမ်မှာပဲ နေလိုက်ပါ။


၂။ သင်္ဘောပေါ်တွင် ကိုယ်ထူကိုယ်ထစနစ်သာဖြစ်ပါသည်။ မိမိကို မသိကျွမ်းသည်ကို အချိန်ပေးပြီး၊ မတတ်မချင်း သင်ပြသူများ၊ အလွယ်နည်းလမ်းဖြင့် ကျက်တတ်မှတ်တတ်အောင် သင်ပြပေးမည့် ဆရာများ၊ ဂိုက်များ မရှိပါ။ မည်သူမျှ အချိန်သက်သက်ပေးပြီး မသင်နိုင်ကြပါ။ အလုပ်လုပ်ရင်းဖြင့်သာ လေ့လာရမည်။  နားမလည်၍ မေးလျှင်တော့ ဖြေမည့်သူများ ရှိနိုင်ပါသည်။ သို့သော် ထိုအရာရှိ၏ ရှင်းပြမှုအတွက် သူ့ကို ဘယ်လောက်ကူညီပေးထားသလဲ။ ဘယ်လောက် ကိုယ့်ဘာသာ ကြိုးစားထားသလဲ ဆိုသည့် အချက်များသည် အရေးကြီးပါသည်။ 

၃။ သင်္ဘောပေါ်တွင် Job training စနစ်ဖြစ်ပါသည်။ အလုပ်လုပ်ရင်း လေ့လာ သင်ယူခြင်း ဖြစ်ပါသည်။ စက်ပစ္စည်းတစ်ခု ကျွမ်းကျင်စွာ ပြင်ဆင်မှုရန်အတွက် အဆင့်အချို့ကိုဖြတ်သန်းရပါလိမ့်မည်။

က) ပြုပြင်တပ်ဆင်ခြင်းကို မြင်တွေ့ဖူးရမည်။

ခ) စာတွေ့ သဘောတရားကို ကိုယ်တိုင်စာအုပ်နှင့် လေ့လာရမည်။

ဂ) ထိုစက်ပစ္စည်းကို ကိုင်တွယ်ရသူအင်ဂျင်နီယာကို ကူညီရင်း သင်ယူရမည်။

ဃ) ကိုယ်တိုင်ပြုပြင်တပ်ဆင်ခြင်းကို ပြုလုပ်ရမည်။

၎။ ပြုပြင်တပ်ဆင်ခြင်းကို မြုင်ဖူး၊ တွေ့ဖူးလိုလျှင် မိမိ၏ နားချိန်ကို လျှော့၍ အခြား အချိန်မှာ လိုအပ်လျှင် သွားရောက်လေ့လာပါ။ မြင်တွေ့ထားသောအစိတ်အပိုင်းများ ကို Manual စာအုပ်များ၊ မိမိယူဆောင်လာသည့်စာအုပ်များတွင် ရှာဖွေမှတ်သားပါ။ အပင်ပန်းခံပြီး ကူညီလျှင် တာဝန်ရှိအင်ဂျင်နီယာသည် မိမိကို ယုံကြည်လာပြီး၊ တစ တစ လက်လွှဲခိုင်းပါလိမ့်မည်။

ထိုအင်ဂျင်နီယာသည် မိမိဘေးနားတွင်ရှိနေသောကြောင့် မိမိသည် ယုံကြည်မှုရှိလာသလို အမှားအယွင်းလဲ နည်းပါးပါလိမ့်မည်။ တတ်နိုင်သလောက် စာအုပ်နှင့် ချရေးမှတ်သားပါ။

          မိမိဖက်မှ ဘာမှမပေးဆပ်လျှင် ဘာမှ တတ်မြောက်မည်မဟုတ်ပါ။  စာမေးပွဲဖြေရန် ကျူရှင်တက်၊ စာတွေ အလွတ်ကျက်ပြီး ဖြေသူနှင့် ကိုယ်တိုင်ဖြတ်သန်းလာသူ၏ အဖြေသည် သေချာစွာ ကွဲပြားပါသည်။

          သင်္ဘောပေါ်ရှိအရာရှိတိုင်းသည် အောက်ခြေမှ တဆင့်ပြီး တဆင့် တက်လာသူများဖြစ်ပြီး၊ မိုးကျရွှေကိုယ်များ မဟုတ်ကျပါ။ ထို့ကြောင့် မိမိ၏ ကြိုးစားမှုကို နားလည်ပေးနိုင်သလို၊ မိမိ၏စိတ်ခံစားမှုများ၊ လိုအပ်ချက်များကို နားလည်ကြပါသည်။ ထို့ကြောင့် သူတို့ မသိပါဘူးဟု ထင်လျှင်တော့ မိမိသာ မသိသေးသူဖြစ်ပါလိမ့်မည်။ 

          အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ရှာဖွေနိုင်သလို၊ ကိုယ့်အထက်လူကြီး များထံမှ မျှဝေနာကြားမှတ်သားခြင်းဖြင့် ရရှိနိုင်ပါသည်။ သို့သော်လည်း ထိုအတွေ့ အကြုံများကို မိမိကို မျှဝေပေးလာရန်အတွက် ကြိုးစားမှုကို မိမိကပေးဆပ်ရပါမည်။ သူတို့ကိုယ်တိုင်လည်း အလွယ်တကူ ရရှိခဲ့ကြသည် မဟုတ်ကြပါ။

          သင်္ဘောပေါ်တွင် လက်တွေ့စက်ပစ္စည်းများနှင့် သင်ယူခြင်းသည် အကောင်းဆုံးသင်ယူခြင်း ဖြစ်သည်ဟု အမြဲမှတ်ထားပါ။ 

          Sea service အပြင် လိုအပ်သောပညာများကို သင်္ဘောပေါ်မှ ရှာဖွေလာခဲ့သူသည် စာမေးပွဲများတွင် အဆင်ပြေပါလိမ့်မည်။ စာမေးပွဲအောင်ပြီး လက်မှတ်ကိုင်ရလျှင်လည်း အလုပ်များကို မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ပါလိမ့်မည်။


          သင်္ဘောပေါ်ရှိ ပညာကို သင်ယူခြင်းနည်းလမ်းမှာ မိမိကျရာ တာဝန်ကို ကျေပွန်စွာလုပ်ကိုင်ခြင်း၊ အခြားသူများကို ကူညီ၍ လေ့လာသင်ယူခြင်း နည်းလမ်းတို့သာဖြစ်ပါသည်။

          မိမိကိုယ်တိုင် လေ့လာသင်ကြားမှုလုပ်ငန်းတွင် အာရုံစိုက်ထားခဲ့လျှင် မိမိအတွက် ဦးတည်ရာပန်းတိုင်ကို နီးနီးကပ်ကပ်တွေ့နေရသလိုဖြစ်ပြီး၊ အခြားသော လှိုင်းဒဏ်လေဒဏ်၊ လူမှုရေးပဋိပက္ခဒဏ်နှင့် မိသားစုမှ ဝေးကွာခြင်းဒဏ်တို့ကို ခံနိုင်ရည်ရှိလာပါလိမ့်မည်။ 

          ကျွန်တော် ကိုယ်တိုင်လည်း ဖတ်မှတ်လေ့လာဆဲ လူတစ်ယောက်ပါ။ လူသစ်များနှင့် ညီငယ်များအတွက် တတ်သိသလောက် မျှဝေပေးခြင်း ဖြစ်ပါတယ်။ လိုအပ်ချက်များ ရှိလျှင်လည်း နောင်တော်များမှ ဆက်လက်ဖြည့်ဆွက် ပေးကြပါခင်ဗျား။

လေးစားလျှက်

TWH

Sunday, October 26, 2014

ကျွန်တော့်ဘေးမှာ ဖြစ်ပွါးခဲ့တဲ့ Accident တစ်ခု



၂၀၁၃ ခုနှစ်မှာ ကျွန်တော် 1/E ရာထူးနဲ့ M.V …     သင်္ဘောမှာ အလုပ်လုပ်နေပါတယ်။ အင်ဒိုနီးရှားဆိပ်ကမ်းတစ်ခုမှာ ကျွန်တော်တို့သင်္ဘော ကုန်တင်ပါတယ်။ သံမြေကြီးပါ။ ကမ်းမှာ ကပ်ပြီး ကုန်တင်တာ မဟုတ်ပါဘူး။ သင်္ဘော ကျောက်ချထားပါတယ်။ Barge ကြီးနှစ်ခု သင်္ဘောဘေးမှာ လာကပ်ပါတယ်။ Barge ကြီးပေါ်မှာ သံမြေကြီးနဲ့ Bulldozer ကြီးတစ်စီးစီ ပါတယ်။ သင်္ဘောပေါ်မှ Crane နဲ့ Barge ကြီးပေါ်မှ သံမြေကြီးကို ကော်ယူပြီး တင်တာပါ။ 

        ကရိန်းရဲ့ Grab တွေဟာ Battery-operated ဖြစ်လို့ ၈ နာရီ တစ်ခါလောက် ဘက်ထရီလဲလှယ်ရပါတယ်။

        အဲဒီနေ့က ကျွန်တော့်ကို မနက် ၆ နာရီလောက် Crane ပျက်လို့ဆိုပြီး၊ စက်ချုပ် လာနိုးပါတယ်။ ကရိန်းရပ်တဲ့အချိန်မှာ Grab battery လဲရအောင် ကျွန်တော် 3/E ကို နိုးပါတယ်။ ကရိန်းက ဆီပူလို့ cut-off ဖြစ်သွားတာပါ။ Sensor မကောင်းတော့ By-pass လုပ်ပြီး၊ ကရိန်းကို ခဏရပ်ခိုင်းထားလိုက်ပါတယ်။ ကျွန်တော်နဲ့ C/E က တက်လိုက် ဆင်းလိုက်၊ ပစ္စည်း သွားယူလိုက်နဲ့ပါ။

        ကရိန်းရဲ့ Grab က Barge ကြီးပေါ်မှာ ချထားပါတယ်။ 3/E က ဘက်ထရီ သွားလဲလိုက်ဦးမယ်လို့ ကျွန်တော့်ကို ပြောပြီး တပ်ထားတဲ့ Pilot Ladder မှ ဆင်းသွား ပါတယ်။ သစ်သားချောင်းအလုံးသေးလေးတွေ တပ်ထားတဲ့ Pilot Ladder ပါ။ မနက်ပိုင်း ၆ နာရီကျော်ဖြစ်လို့ Deck Officer အနေနဲ့ 3/O တာဝန်ကျပါတယ်။ Cargo တွက်ဖို့ Draft ဖတ်နေပါတယ်။ 

        ကျွန်တော် ကရိန်းနာမှ ဖြတ်သွားချိန်မှာ Pilot Ladder နားမှာ 3/O နဲ့ Duty A/B ရှိပါတယ်။
“3/E တောင် အောက်ကိုဆင်းသွားပြီဆိုတော့ ငါလဲ အောက်ဆင်းပြီး Draft ဖတ်လိုက်ဦးမယ် ” လို့ 3/O က Duty A/B ကို လှမ်းပြောသံကို ကြားလိုက်ရပါတယ်။
        ကျွန်တော်လဲ အင်ဂျင်ခန်းထဲကို ပစ္စည်းသွားယူပြီး၊ ပြန်လာပါတယ်။ အဲဒီ Pilot Ladder နားမှ ဖြတ်ပြီး၊ ကရိန်းဆီသို့အသွားမှာ ဒီလိုကြားလိုက်ရပါတယ်။
“ငါတော့ လက်အံသေနေပြီ။ မတက်နိုင်တော့ဘူး။” လို့ 3/O မှ A/B ကို လှမ်းပြောလိုက်ပါတယ်။
“အဲဒီဆို ကြိုးကိုလက်နဲ့ မကိုင်ထားနဲ့။ လက်နဲ့ လိမ်ပတ်ထားလိုက်” လို့  A/B မှ 3/O ကို လှမ်းပြောပါတယ်။

3/O ရဲ့အသံဟာ ပုံမှန်ပြောနေကြအသံပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ထူးထူးခြားခြား မခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ 3/O အနေနဲ့ Pilot Ladder ကို မတက်နိုင်ဘူးဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကရိန်းပေါ်မှာ စောင့်နေတဲ့ C/E ဆီကို ကျွန်တော် ဆက်သွားပါတယ်။

ကရိန်းဆီမှ ပြန်အဆင်းမှာ A/B ရဲ့အော်သံကြားလိုက်ရပါတယ်။
“ 3/O.. ပြုတ်ကျသွားပြီ”
အောက်ကို လှမ်းကြည့်လိုက်တော့ Barge နဲ့ သင်္ဘောအကြားမှာ 3/O ပက်လက်လန်ပြီး၊ လဲနေပါတယ်။ Barge ပေါ်မှာ အလုပ်လုပ်နေတဲ့ 3/E ကို 3/O ဆီကို သွားဖို့ လှမ်းအော်ပြောလိုက်ပါတယ်။

အဲဒီနောက် ကျွန်တော်လဲ သူကြီး၊ ကုန်းချုပ်တို့ကို လိုက်နှိုးပြီး ခေါ်ပါတယ်။ လူစုပြီးတော့ Draft ဖတ်ရင်သုံးတဲ့ ခြင်းထဲကို ထည့်ပြီး ကရိန်းနဲ့ အပေါ်ကို သယ်လာပါတယ်။ 

ကုမ္ပဏီကိုအကြောင်းကြားတော့ ကုမ္ပဏီမှ စီစဉ်ပေးပါတယ်။ အင်ဒိုနီးရှားမှ စင်ကာပူကို စင်းလုံးငှား Boat နဲ့ 3/O ကို ချက်ချင်းသယ်သွားပေးပါတယ်။ လေယာဉ်နဲ့တင်ဖို့က ချက်ချင်း စီစဉ်လို့ မဖြစ်လို့ပါ။ ကုမ္ပဏီဖက်မှ တာဝန်ကျေပါတယ်။ စင်ကာပူမှာ ဆေးရုံတင်ထားပေးပါတယ်။

နောက်ပိုင်း ကျွန်တော်လဲ 3/O သတင်းကို မကြားရတော့ပါဘူး။ sign-off လုပ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ တရက်မှာတော့ ကုမ္ပဏီမှ ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ 3/O ကို လျှော်ကြေးပေးတဲ့အချိန်မှာ အသိသက်သေလုပ်ပေးဖို့ပါ။

3/O ကို ပြန်တွေ့ချိန်မှာ လက်ကိုင်တုတ်တစ်ချောင်းနဲ့ပါ။ ခါးရိုးရှိ အရိုးချပ်ပြားချွန်လေးတွေ ကြေသွားတယ်လို့ ပြောပါတယ်။ လက်ကိုင်တုတ်ကို အားပြုပြီး၊ လမ်းလျှောက်နိုင်ပေမယ့် သူ့ရဲ့သင်္ဘောသားဘဝ ဆုံးသွားပါပြီ။ 

အဲဒီလို Accident ဖြစ်အပြီး၊ ၂ လ၊ ၃ လ လောက် ကျွန်တော့်နားထဲမှာ 3/O ရဲ့စကားသံတွေကြားနေပါတယ်။ ကိုယ့်ဘေးနားမှာ Accident တွေ၊ အန္တရာယ်တွေဟာ အမြဲတမ်းရှိနေပြီး အချိန်မရွေးကြရောက်နိုင်တယ်ဆိုတဲ့အသိကို တိုက်ရိုက်ခံစား သိလိုက်ရပါတယ်။ 

ကျွန်တော်တို့ရဲ့နေစဉ်လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်တွေ ( Risks ) အမြဲရှိပါတယ်။ ဆေးဝါးကုသမှု ( Medical Aids ) ကို အမြဲရမယ်ဆိုတာ မသေချာပါဘူး။ ကြိုးရစ်ရင်း ကြိုးပြတ်ပြီး ထိမိနိုင်တယ်။ ခြေထောက်ကို ကြိုးရစ်ပတ်ပြီး၊ ရေထဲလိမ့်ကျနိုင်တယ်။ ဆေးသုတ်ရင်းလိမ့်ကျနိုင်တယ်။ Grinder စားရင်း ကျောက်မှန်နိုင်တယ်။ Wire brush စားရင်း ဝါယာမျက်စိထဲဝင်နိုင်တယ်… အစရှိတဲ့ ဘေးအန္တရာယ်ကြားမှာ ဘေးအန္တရာယ်ဆိုင်ရာအသိတရား၊ သတိတရားတွေနဲ့ အလုပ်လုပ်ကြရတာပါ။ ဘေးကင်းရှင်းစေရေးအတွက် ချမှတ်ထားတဲ့ စံလုပ်ထုံးလုပ်နည်းများ ( SOP- Standard Operating Procedures ) ကိုလည်း တတွေမတိမ်းလိုက်နာဖို့ လိုအပ်ပါတယ်။

အဲဒီလို အဖြစ်အပျက်လေးနောက်မှာ ကျွန်တော် မြန်မာသင်္ဘောသားတွေ ဖတ်ဖို့အတွက် Accident Case Study ဆောင်းပါးလေးတွေ ဘာသာပြန်ဖြစ်သလို၊ မှတ်ဖွယ်မှတ်ရာလေးတွေကို Blog လေးလုပ်ပြီး ရေးဖြစ်ပါတယ်။ သင်္ဘောသား တစ်ဦးစီမှာ မှီခိုနေတဲ့ မိသားစုတစ်ခုစီရှိကြပါတယ်။ သင်္ဘောသားဘေးရန်ကင်းစွာ အလုပ်လုပ်နိုင်ခဲ့ရင် သူ့မိသားစု စိတ်ချမ်းသာပြီး အဆင်ပြေပါလိမ့်မယ်။

မြန်မာသင်္ဘောသားများ ဘေးရန်ကင်းဝေးကြပါစေ…
တင်ဝင်းထွန်း

Friday, October 24, 2014

ကြီးပွါးတိုးတက်ကြောင်း သမ္ပဒါတရားလေးပါး



ယခု ပိုစ့်လေးသည် သင်္ဘောသား ဘလော့နှင့် မဆိုပါဟု ဆိုသော်လည်း ကျွန်တော်တို့ သင်္ဘောသားများသည် ကြမ်းတမ်းသောပင်လယ်ပြင်တွင် လုပ်ကိုင်ရင်း မိမိတို့၏မိသားစုဘဝများ အတွက် ရှာဖွေအသက်မွေးဝမ်းကြောင်းနေကြခြင်းဖြစ်ပါသည်။ သင်္ဘောသားများ၏ ဘဝလှပစေရေးအတွက် ဗုဒ္ဓဟောကြားထားသောဒေသနာများမှ ထုတ်နုတ်ပြီး၊ တင်ပြခြင်းဖြစ်ပါသည်။
ဘုရားရှင်သည် မျက်မှောက် ချမ်းသာစီးပွါး၊ တမလွန် ချမ်းသာစီးပွါးတို့ ဖြစ်စေနိုင်သောတရားကို တပည့်ဒါယကာ၊ ဒါယကာမတို့အား ဟောကြားတော်မူပါဘုရား ဟု လျှောက်ထားသဖြင့် သမ္ပဒါတရားလေးပါးကို ဘုရားရှင်ဟောကြားတော်မူသည့်အကြောင်း အဌကအင်္ဂုတ္တရပါဌိတော်၊ ဒီဃာဇာဏျာသုတ်၌ တွေ့ရပါသည်။ 

ထိုသမ္ပဒါတရားလေးပါးမှာ

က) ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံရခြင်း ( ဥဌာနသမ္ပဒါ )

ခ) လက်ရှိ ဥစ္စာစီးပွါး မပျက်ပြားအောင် စောင့်ရှောက်ရခြင်းနှင့် ပြည့်စုံရခြင်း ( အာရက္ခသမ္ပဒါ )

ဂ) မျှတစွာ အသက်မွေးမြူရခြင်း ( သမဇီဝိတာ သမ္ပဒါ )

ဃ) မိတ်ကောင်း ဆွေကောင်းရှိရခြင်း ( ကလျာဏမိတ္တတာ သမ္ပဒါ ) တို့ ဖြစ်ပါသည်။

          ဤလေးပါးကို မှတ်သားရလွယ်ကူရန် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမစံကျောင်းဆရာတော် ဘုရားကြီးက “ထကြွသိမ်းဆဲ(ဆည်း)၊ မျှသုံးစွဲ၊ ပေါင်းမြဲမိတ်ဆွေကောင်း၊ ဤလေးပါးသာ၊ လောကီမှာ၊ မှန်စွာကြီးပွါးကြောင်းဟု လင်္ကာစီကုံးထားပေသည်။”

          “သမ္ပဒါ” ဆိုသည်မှာ အလိုရှိတိုင်း ပြည့်စုံစေနိုင်သော အကြောင်းတရားများဟု အဓိပ္ပါယ်ရသည်။ မျက်မှောက်လောကတွင် အရေးအကြီးဆုံးမှာ ရွှေငွေဘဏ္ဍာ၊ ဥစ္စာရတနာများပင်ဖြစ်သည်။ ထိုရွှေငွေဘဏ္ဍာ၊ ပစ္စည်းဥစ္စာတို့နှင့် ပြည့်စုံနိုင်ရန်မှာ ဤသမ္ပဒါတရားလေးပါးတို့သာ အကြောင်းရင်းများ ဖြစ်ကြသည်။

          က) ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံခြင်း ( ဥဌာနသမ္ပဒါ )

          ပစ္စည်းဥစ္စာ ရတနာတို့ကို ရှာမှီးစုဆောင်းရာ၌ ကံ၊ ဥာဏ်၊ ဝီရိယ သုံးမျိုးရှိသည်တွင် ကံကောင်း မကောင်းကို သိနိုင်ရန် ခဲယဉ်းသည့်အတွက် အတိတ်ကံကို မျှော်လင့်အားကိုးမနေရ၊ လက်ရှိပြုလုပ်နိုင်သည့် ပစ္စုပ္ပန်ကံဟု ဆိုရသော ဝီရိယကိုသာ ဥာဏ်နှင့်ယှဉ်၍ အားထုတ်ရမည်။

          ထကြွလုံ့လ ဝီရိယရှိရမည် ဆိုသော်လည်း ထိုလုံ့လဝီရိယသည် ဥာဏ်နှင့်ပြည့်စုံခြင်း ( ဥာဏသမ္ပတ္တိ)၊ အကွက်ကောင်း၊ နေရာကောင်းရှိရခြင်း(ဂတိသမ္ပတ္တိ)၊ အသွင်အပြင် လှပခံ့ညားခြင်း၊ ကိရိယာတန်ဆာပလာတို့နှင့် ပြည့်စုံခြင်း (ဥပဓိသမ္ပတ္တိ)၊ သင့်လျှော်အံဝင်သော အချိန်ကာလဖြစ်ခြင်း (ကာလသမ္ပတ္တိ)၊ အားထုတ်သင့်သည်ကို အားထုတ်ခြင်း၊ အားမထုတ်သင့်သည်ကို အားမထုတ်ဘဲ နေထိုင်ခြင်း (ပယောဂ သမ္ပတ္တိ) ဟူသော အင်္ဂါငါးရပ်တို့နှင့် ပြည့်စုံမှသာ လုံ့လဝီရိယရှိသလောက် အကျိုးစီးပွါး ဖြစ်ထွန်းနိုင်ပေသည်။

          ခ) ဥစ္စာစီးပွါး မပျက်ပြားအောင် စောင့်ရှောက်ရခြင်း ( အာရက္ခသမ္ပဒါ )

          ဤဒေသနာတော်၏ အဓိပ္ပါယ်အတိုချုပ်မှာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး၊ သမီးဆိုး ဟူသော ရန်သူမျိုးငါးပါးကြောင့် မိမိလက်ရှိစီးပွါးဥစ္စာရတနာများ မလျော့ပါး၊ မပျက်ပြားရအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဟောတော်လိုရင်း ဖြစ်ပေသည်။

          ဂ) မျှတစွာ အသက်မွေးမြူခြင်း ( သမဇီဝိတာသမ္ပဒါ )

          ဤဒေသနာတော်ကို အနည်းငယ်ရှင်းပြရသော် မျှတစွာအသက်မွေးခြင်း ( သမဇီဝိတ သမ္ပဒါ) ဆိုသည်မှာ “ဝန်နှင့်အား၊ လေးနှင့်မြှား” ဆိုသကဲ့သို့ မိမိတို့၏ ဝင်ငွေအင်အားနှင့် ထွက်ငွေအင်အားတို့ကို မျှတအောင် သုံးစွဲရခြင်းပင် ဖြစ်သည်။

          ဝင်ငွေနည်းသော်လည်း မိမိ၏ပမာဏကို မကြည့်ဘဲ ပစ္စည်းဥစ္စာအင်အားနှင့် မမျှမတ အထက်တန်းကျကျ ဝတ်စားနေထိုင်သောသူတို့သည် ရေသဖန်းသီးကို လှုပ်ခြွေစာားသူနှင့် တူ၏။ ရေသဖန်းသီးမှည့်ကို စားလိုသောသူသည် သဖန်းပင်ကို လှုပ်ခြွေပြီး မိမိအလိုရှိရာ တစ်လုံးနှစ်လုံးမျှကိုသာ စားပြီး များစွာသော သဖန်းသီးတို့ကို အကျိုးမဲ့ ချန်ထားခဲ့၏။ ထို့အတူ ဝင်ငွေနှင့် မမျှအောင် အထက်တန်းကျကျ သုံးစွဲသူသည်လည်း မိမိပစ္စည်း ဥစ္စာများကို အကျိုးမဲ့ဖြစ်အောင်(ဝါ) မွဲအောင် ဖန်တီးသူဖြစ်၏။

ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၁

          ရရှိလာသော ဥစ္စာပစ္စည်းတို့ကို လေးပုံပုံရမည်။ ထိုလေးပုံအနက် တစ်ပုံသော ပစ္စည်းဥစ္စာတို့ကို သုံးဆောင်ခံစားရမည်။ နှစ်ပုံသော ဥစ္စာပစ္စည်းတို့ကို ကုန်သွယ်မှု စသည်တို့၌ အရင်အနှီးပြုလုပ်ရမည်။ ကျန်လေးပုံမြောက်ကို ကိုယ်မကျန်းမမာဖြစ်ခြင်း စသည့် ဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာသည့်အခါ အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် စုဆောင်းသိမ်းဆည်း ထားရမည်။ ( ပါထိကဝဂ္ဂပါဌိ၊ သိင်္ဂါလောဝါဒသုတ် )
          ပထမစံကျောင်း ဆရာတော်ဘုရားကြီးမှ အတိုကောက်အားဖြင့်

“လုပ်၍ရလာ၊ ထိုဥစ္စာကို ၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ပုံကပ်ရင်း၊ အကြွင်းရန်ပုံ ထားပါတုံ၊ မှတ်ယုံကြီးပွါးမည်” ဟု ဆောင်ပုဒ်ပြုရေးစပ်ထားပါသည်။

ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၂

ဤနည်းကို စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာခြင်းသို့ ရောက်ပြီးနောက် လူချမ်းသာဘဝ၊ သူဌေးဘဝတို့၌ ကြာမြင့်စွာ တည်မြဲနေနိုင်သောနည်း ဖြစ်၏။ ဤနည်းတွင် အကြောင်းအရာလေးမျိုး ပါဝင်သည်။ 

ထိုအကြောင်းအရာလေးမျိုးမှာ--

၁) ပျောက်သော ပစ္စည်းဥစ္စာ စသည်တို့ကို ရှာဖွေရခြင်း

၂) ဟောင်းနွမ်းဆွေးမြည့်နေသောအရာကို ထပ်မံ ပြုပြင်ပြင်ဆင်ရခြင်း

၃) အတိုင်းအရှည်အားဖြင့် (ဝါ) မိမိဝင်ငွေနှင့် လိုက်လျောညီထွေဖြစ်အောင် ဝတ်စားနေထိုင်ရခြင်း

၎) ကိုယ်ကျင့်သီလရှိ၍ စာရိတ္တကောင်းသော အမျိုးသားကိုဖြစ်စေ၊ အမျိုးသမီးကိုဖြစ်စေ အကြီးအမှူး ဘဏ္ဍာစိုးအရာ၌ ထားရခြင်း တို့ဖြစ်သည်။ 

လေးစားစွာဖြင့်
တင်ဝင်းထွန်း

Wednesday, October 22, 2014

Professional များနှင့် တခဏ



        ကျွန်တော်တို့ သင်္ဘောအရာရှိများ ကိုင်ဆောင်ရသည့် လက်မှတ်များကို CoC ( Certificate of Competency ) ဟု ခေါ်ပါသည်။ ဆိုလိုရင်းမှာ ကျွမ်းကျင်မှုလက်မှတ်ဖြစ်ပါသည်။ သင်္ဘော အပြင် လေယာဉ်ပျံမောင်းနှင်သူများ တွင်လည်း ထိုသို့ကျွမ်းကျင်မှုလက်မှတ်များ ကိုင်ဆောင်ရပါသည်ဟု သိရပါသည်။ ကိုင်တွယ်မောင်းနှင်ရန်အတွက် လိုအပ်သောအရည်အချင်းပြည့်မှီသည်ဟု ယူဆပြီး ထုတ်ပေးသောလက်မှတ်ဖြစ်ပါသည်။

        ကျွန်တော် Singapore Maritime Academy တွင် Combined Class 1 Engineer သင်တန်းတက်ရောက်စဉ် Lecturer Mr.Mukaji မှ CoC လက်မှတ်နှင့် ပတ်သက်သော ပို့ချချက်လေးကို ပြန်လည်မျှဝေလိုပါသည်။ 

        Competency ဆိုသည့် စကားလုံးသည် ကျွမ်းကျင်ပိုင်နိုင်ခြင်း ဟု အဓိပ္ပါယ်ရပါသည်။ Mr.Mukaji ၏ ဖွင့်ဆိုချက်အရ Competency တွင် စကားလုံး သုံးလုံးပါဝင်သည်။ ထိုစကားလုံးများမှာ K,U,P တို့ဖြစ်ပါသည်။ K= Knowledge, U=Understanding and P=proficiency ဖြစ်ပါသည်။

        Knowledge မှာ သက်ဆိုင်ရာဘာသာရပ်အလိုက် သိထားသင့်သော ဗဟုသုတဖြစ်ပါသည်။

        Understanding မှာ သက်ဆိုင်ရာစနစ်များနှင့် ဆက်သွယ်မှုများကို သေချာစွာ နားလည်ရမည်။

        Proficiency မှာ ကြုံလာသောအခက်အခဲများ၊ ဆောင်ရွက်ရမည်များကို သေချာစွာနားလည်ပြီး ဖြေရှင်းနိုင်သောအရည်အချင်း ဖြစ်ပါသည်။ ရလဒ်ကောင်းကို ရရှိသည်အထိဆောင်ရွက်နိုင်သည့်ပညာဖြစ်ပါသည်။

        CoC လက်မှတ်ထုတ်ပေးရန်အတွက် အခက်အခဲတစုံတရာတွေ့လျှင် မည်သို့ဆောင်ရွက်မည်ကို မေးမြန်းမည့် Oral စာမေးပွဲရှိလာရပါသည်။ ရင့်ကျက်ပြီး၊ အတွေ့အကြုံများသော စာစစ်သူသည် အခက်အခဲတွင် စာဖြေသူ မည်သို့ဆောင်ရွက်မည်ကို မေးမြန်းလေ့ရှိပြီး၊ မိမိ၏အတွေ့အကြုံနှင့် နှိုင်းယှဉ်အကဲဖြတ်ပါသည်။ ပြီးနောက် အောင်၊ ရှုံးကို ဆုံးဖြတ်ပေးလေ့ရှိပါသည်။ 

        ကျွန်တော့် အမြင်အရ ထိုလက်မှတ်ကိုင်ဆောင်သူများသည် အလုပ်များကို Professional တစ်ဦးကဲ့သို့လည်း ဆောင်ရွက်သင့်ပါသည်။ EFA မဂ္ဂဇင်းမှ ဆောင်းပါးတစ်စောင်တွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်မှ Professional ကို အဓိပ္ပါယ်ဖွင့်ပါသည်။ 

Professional- တတ်မြောက်သင့်သည်များကို သေချာစွာတတ်မြောက်သူ

                - လူသားတို့အကျိုးအတွက် မှန်ကန်သောစိတ်ဓါတ်ရှိသူ။

         ရေကြောင်းလောကတွင် နောက်လူအတွက် အလုပ်များ ချန်ထားပြီး ဆင်းပြေးခြင်း၊ G/E များကို Running Hour ချိန်၍ မောင်းနှင်သောကြောင့် နောက်လူသည် G/E overhaul များကို မနိုင်မနင်းလုပ်ကိုင်ရခြင်း..စသည့် ကိစ္စများသည် အလုပ်ကို Professional တစ်ဦးကဲ့သို့ မဆောင်ရွက်ခြင်းကြောင့် ဖြစ်ရပါသည်။ 

        CoC လက်မှတ်ကိုင်ထားသလို Professional တစ်ဦးကဲ့သို့လည်း ကျင့်ကြံသင့်ပါသည်။ 

ကျွန်တော့် အမြင်လေးကို မျှဝေခြင်းပါ။ ကွဲပြားမှုများ ရှိနိုင်ပါသည်။

လေးစားလျှက်

တင်ဝင်းထွန်း