၂၀၁၃ ခုနှစ်မှာ ကျွန်တော် 1/E ရာထူးနဲ့ M.V … သင်္ဘောမှာ
အလုပ်လုပ်နေပါတယ်။ အင်ဒိုနီးရှားဆိပ်ကမ်းတစ်ခုမှာ ကျွန်တော်တို့သင်္ဘော ကုန်တင်ပါတယ်။
သံမြေကြီးပါ။ ကမ်းမှာ ကပ်ပြီး ကုန်တင်တာ မဟုတ်ပါဘူး။ သင်္ဘော ကျောက်ချထားပါတယ်။
Barge ကြီးနှစ်ခု သင်္ဘောဘေးမှာ လာကပ်ပါတယ်။ Barge ကြီးပေါ်မှာ သံမြေကြီးနဲ့
Bulldozer ကြီးတစ်စီးစီ ပါတယ်။ သင်္ဘောပေါ်မှ Crane နဲ့ Barge ကြီးပေါ်မှ သံမြေကြီးကို
ကော်ယူပြီး တင်တာပါ။
ကရိန်းရဲ့ Grab တွေဟာ
Battery-operated ဖြစ်လို့ ၈ နာရီ တစ်ခါလောက် ဘက်ထရီလဲလှယ်ရပါတယ်။
အဲဒီနေ့က ကျွန်တော့်ကို မနက်
၆ နာရီလောက် Crane ပျက်လို့ဆိုပြီး၊ စက်ချုပ် လာနိုးပါတယ်။ ကရိန်းရပ်တဲ့အချိန်မှာ
Grab battery လဲရအောင် ကျွန်တော် 3/E ကို နိုးပါတယ်။ ကရိန်းက ဆီပူလို့ cut-off ဖြစ်သွားတာပါ။
Sensor မကောင်းတော့ By-pass လုပ်ပြီး၊ ကရိန်းကို ခဏရပ်ခိုင်းထားလိုက်ပါတယ်။ ကျွန်တော်နဲ့
C/E က တက်လိုက် ဆင်းလိုက်၊ ပစ္စည်း သွားယူလိုက်နဲ့ပါ။
ကရိန်းရဲ့ Grab က Barge ကြီးပေါ်မှာ
ချထားပါတယ်။ 3/E က ဘက်ထရီ သွားလဲလိုက်ဦးမယ်လို့ ကျွန်တော့်ကို ပြောပြီး တပ်ထားတဲ့
Pilot Ladder မှ ဆင်းသွား ပါတယ်။ သစ်သားချောင်းအလုံးသေးလေးတွေ တပ်ထားတဲ့ Pilot
Ladder ပါ။ မနက်ပိုင်း ၆ နာရီကျော်ဖြစ်လို့ Deck Officer အနေနဲ့ 3/O တာဝန်ကျပါတယ်။
Cargo တွက်ဖို့ Draft ဖတ်နေပါတယ်။
ကျွန်တော် ကရိန်းနာမှ ဖြတ်သွားချိန်မှာ
Pilot Ladder နားမှာ 3/O နဲ့ Duty A/B ရှိပါတယ်။
“3/E တောင် အောက်ကိုဆင်းသွားပြီဆိုတော့
ငါလဲ အောက်ဆင်းပြီး Draft ဖတ်လိုက်ဦးမယ် ” လို့ 3/O က Duty A/B ကို လှမ်းပြောသံကို
ကြားလိုက်ရပါတယ်။
ကျွန်တော်လဲ အင်ဂျင်ခန်းထဲကို
ပစ္စည်းသွားယူပြီး၊ ပြန်လာပါတယ်။ အဲဒီ Pilot Ladder နားမှ ဖြတ်ပြီး၊ ကရိန်းဆီသို့အသွားမှာ
ဒီလိုကြားလိုက်ရပါတယ်။
“ငါတော့ လက်အံသေနေပြီ။ မတက်နိုင်တော့ဘူး။”
လို့ 3/O မှ A/B ကို လှမ်းပြောလိုက်ပါတယ်။
“အဲဒီဆို ကြိုးကိုလက်နဲ့ မကိုင်ထားနဲ့။
လက်နဲ့ လိမ်ပတ်ထားလိုက်” လို့ A/B မှ 3/O ကို
လှမ်းပြောပါတယ်။
3/O ရဲ့အသံဟာ ပုံမှန်ပြောနေကြအသံပါပဲ။
ကျွန်တော့်စိတ်ထဲမှာ ထူးထူးခြားခြား မခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ 3/O အနေနဲ့
Pilot Ladder ကို မတက်နိုင်ဘူးဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကရိန်းပေါ်မှာ စောင့်နေတဲ့
C/E ဆီကို ကျွန်တော် ဆက်သွားပါတယ်။
ကရိန်းဆီမှ ပြန်အဆင်းမှာ A/B ရဲ့အော်သံကြားလိုက်ရပါတယ်။
“ 3/O.. ပြုတ်ကျသွားပြီ”
အောက်ကို လှမ်းကြည့်လိုက်တော့
Barge နဲ့ သင်္ဘောအကြားမှာ 3/O ပက်လက်လန်ပြီး၊ လဲနေပါတယ်။ Barge ပေါ်မှာ အလုပ်လုပ်နေတဲ့
3/E ကို 3/O ဆီကို သွားဖို့ လှမ်းအော်ပြောလိုက်ပါတယ်။
အဲဒီနောက် ကျွန်တော်လဲ သူကြီး၊ ကုန်းချုပ်တို့ကို
လိုက်နှိုးပြီး ခေါ်ပါတယ်။ လူစုပြီးတော့ Draft ဖတ်ရင်သုံးတဲ့ ခြင်းထဲကို ထည့်ပြီး ကရိန်းနဲ့
အပေါ်ကို သယ်လာပါတယ်။
ကုမ္ပဏီကိုအကြောင်းကြားတော့ ကုမ္ပဏီမှ
စီစဉ်ပေးပါတယ်။ အင်ဒိုနီးရှားမှ စင်ကာပူကို စင်းလုံးငှား Boat နဲ့ 3/O ကို ချက်ချင်းသယ်သွားပေးပါတယ်။
လေယာဉ်နဲ့တင်ဖို့က ချက်ချင်း စီစဉ်လို့ မဖြစ်လို့ပါ။ ကုမ္ပဏီဖက်မှ တာဝန်ကျေပါတယ်။ စင်ကာပူမှာ
ဆေးရုံတင်ထားပေးပါတယ်။
နောက်ပိုင်း ကျွန်တော်လဲ 3/O သတင်းကို
မကြားရတော့ပါဘူး။ sign-off လုပ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ တရက်မှာတော့ ကုမ္ပဏီမှ ကျွန်တော့်ကို
လှမ်းခေါ်ပါတယ်။ 3/O ကို လျှော်ကြေးပေးတဲ့အချိန်မှာ အသိသက်သေလုပ်ပေးဖို့ပါ။
3/O ကို ပြန်တွေ့ချိန်မှာ လက်ကိုင်တုတ်တစ်ချောင်းနဲ့ပါ။
ခါးရိုးရှိ အရိုးချပ်ပြားချွန်လေးတွေ ကြေသွားတယ်လို့ ပြောပါတယ်။ လက်ကိုင်တုတ်ကို အားပြုပြီး၊
လမ်းလျှောက်နိုင်ပေမယ့် သူ့ရဲ့သင်္ဘောသားဘဝ ဆုံးသွားပါပြီ။
အဲဒီလို Accident ဖြစ်အပြီး၊ ၂ လ၊ ၃
လ လောက် ကျွန်တော့်နားထဲမှာ 3/O ရဲ့စကားသံတွေကြားနေပါတယ်။ ကိုယ့်ဘေးနားမှာ
Accident တွေ၊ အန္တရာယ်တွေဟာ အမြဲတမ်းရှိနေပြီး အချိန်မရွေးကြရောက်နိုင်တယ်ဆိုတဲ့အသိကို
တိုက်ရိုက်ခံစား သိလိုက်ရပါတယ်။
ကျွန်တော်တို့ရဲ့နေစဉ်လုပ်ငန်းခွင်ထဲမှာ
ဘေးအန္တရာယ်တွေ ( Risks ) အမြဲရှိပါတယ်။ ဆေးဝါးကုသမှု ( Medical Aids ) ကို အမြဲရမယ်ဆိုတာ
မသေချာပါဘူး။ ကြိုးရစ်ရင်း ကြိုးပြတ်ပြီး ထိမိနိုင်တယ်။ ခြေထောက်ကို ကြိုးရစ်ပတ်ပြီး၊
ရေထဲလိမ့်ကျနိုင်တယ်။ ဆေးသုတ်ရင်းလိမ့်ကျနိုင်တယ်။ Grinder စားရင်း ကျောက်မှန်နိုင်တယ်။
Wire brush စားရင်း ဝါယာမျက်စိထဲဝင်နိုင်တယ်… အစရှိတဲ့ ဘေးအန္တရာယ်ကြားမှာ ဘေးအန္တရာယ်ဆိုင်ရာအသိတရား၊
သတိတရားတွေနဲ့ အလုပ်လုပ်ကြရတာပါ။ ဘေးကင်းရှင်းစေရေးအတွက် ချမှတ်ထားတဲ့ စံလုပ်ထုံးလုပ်နည်းများ
( SOP- Standard Operating Procedures ) ကိုလည်း တတွေမတိမ်းလိုက်နာဖို့ လိုအပ်ပါတယ်။
အဲဒီလို အဖြစ်အပျက်လေးနောက်မှာ ကျွန်တော်
မြန်မာသင်္ဘောသားတွေ ဖတ်ဖို့အတွက် Accident Case Study ဆောင်းပါးလေးတွေ ဘာသာပြန်ဖြစ်သလို၊
မှတ်ဖွယ်မှတ်ရာလေးတွေကို Blog လေးလုပ်ပြီး ရေးဖြစ်ပါတယ်။ သင်္ဘောသား တစ်ဦးစီမှာ
မှီခိုနေတဲ့ မိသားစုတစ်ခုစီရှိကြပါတယ်။ သင်္ဘောသားဘေးရန်ကင်းစွာ အလုပ်လုပ်နိုင်ခဲ့ရင်
သူ့မိသားစု စိတ်ချမ်းသာပြီး အဆင်ပြေပါလိမ့်မယ်။
မြန်မာသင်္ဘောသားများ ဘေးရန်ကင်းဝေးကြပါစေ…
တင်ဝင်းထွန်း